MT News
၁၈. ၁၁. ၂၀၂၄
တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်သည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ၏ ၃၁ ကြိမ်မြောက်ခေါင်းဆောင်များ အလွတ် သဘောအစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ရာ ရှီကျင့်ဖျင်က လက်ရှိ အာရှပစိဖိတ်ပူးပေါင်းဆောင်ရွက်မှုတွင် ပထဝီနိုင်ငံရေး၊ တစ်ဖက်သတ်ဝါဒ (Unilateralism) နှင့် ကိုယ်ကျိုးစီးပွား ကာကွယ် ရေးဝါဒ (Protectionism) များမြင့်တက်လာခြင်း စသည့်စိန်ခေါ်မှုများနှင့်ကြုံတွေ့နေရကြောင်း၊ သမိုင်း၏ လမ်းဆုံများတွင် ရပ်တည်နေခြင်းကြောင့် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများသည် စည်းလုံးညီညွတ်စွာပူးပေါင်း၍ အာရှ-ပစိဖိတ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးနှင့် အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်မှုခေတ်သစ် ဖန်တီးရေးကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း ရှီကျင့်ဖျင်က အကြံပြုချက် ၃ ချက်ပေးပို့ခဲ့ပြီး ပထမအချက်အဖြစ် ပွင့်လင်းမြင်သာမှုရှိသော အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု အခင်းအကျင်းကို တည်ဆောက်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ (Multilateralism) နှင့် တံခါးဖွင့်လှစ်မှုပုံစံ စီးပွားရေးဟူသော ဦးတည်ချက်ကြီးကို လိုက်နာကာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကို အမှူးပြုသော နိုင်ငံစုံနှင့်ကုန်သွယ်မှုစနစ်အား ခိုင်မြဲစွာထိန်းသိမ်း၍ ဒေသတွင်း စီးပွားရေးပေါင်းစပ်မှုနှင့် အပြန်အလှန်ချိတ်ဆက်မှုကို အင်တိုက်အား တိုက် မြှင့်တင်ဖော်ဆောင်ပြီး လုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်ချောမွေ့မှုကို ထိန်းသိမ်းပေးရန်၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်အသီးသီးနှင့်အတူ ဒစ်ဂျစ်တယ်၊ အစိမ်းရောင်ကဏ္ဍ ကုန်သွယ်မှု သဘောတူညီချက်များကို စူးစမ်းဆွေးနွေးပြီး ကမ္ဘာလုံးဆိုင်ရာ စံနှုန်းမြင့် လွတ်လပ်စွာ ကုန်သွယ်မှုဇုန်ကွန်ရက်ကို ဆက်လက်ချဲ့ထွင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဒုတိယအချက်အဖြစ် အစိမ်းရောင် ဆန်းသစ်တီထွင်မှုကို အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်မှု၏ မောင်းနှင်အားအဖြစ် ပျိုးထောင်ရန်၊ ဉာဏ်ရည်တု (AI) ၊ ကွမ်တန်အချက်အလက်၊ အသက်ရှင်နေထိုင်မှုနှင့် ကျန်းမာရေးစသည့် ရှေ့ပြေးကဏ္ဍများတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ကာ ဂေဟစနစ်ကိုဦးစားပေးသော၊ အရင်းအမြစ်များချွေတာပြီး ထိရောက်စွာအသုံးပြုသော၊ အစိမ်းရောင်ဖြစ်၍ ကာဗွန်နည်းသော ဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးလုပ်ဆောင်ရန်နှင့် တရုတ်နိုင်ငံက အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို ဖော်ဆောင်လျက်ရှိပြီး “ကမ္ဘာလုံးဆိုင်ရာ ဒေတာအချက်အလက်များ နိုင်ငံဖြတ်ကျော်စီးဆင်းမှု ပူးပေါင်းဆောင်ရွက်မှု အစီအမံ” ကို ထုတ်ပြန်သွားမည်ဖြစ်ကာ ဘက်အသီးသီးနှင့်အတူ ထိရောက်သော၊ အဆင်ပြေသော၊ လုံခြုံသော ဒေတာအချက်အလက် နိုင်ငံဖြတ်ကျော်စီးဆင်းမှုကို မြှင့်တင်သွားမည်ဟု အကြံပြုခဲ့သည်။
တတိယမြောက်အချက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြု၍ အားလုံးပါဝင်သည့် အာရှ-ပစိဖိတ် ဖွံ့ဖြိုးတိုးတက်ရေးအယူအဆကို ခိုင်မြဲစွာထိန်းသိမ်းထားရန်၊ ပိုမိုများပြားသော စီးပွားရေးအသိုက်အဝန်းနှင့် ပြည်သူများက ဖွံ့ဖြိုးတိုးတက်မှု အကျိုးရလဒ်များကို ခံစားနိုင်စေရန်အတွက် စီးပွားရေးနည်းပညာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ဖွံ့ဖြိုးဆဲစီးပွားရေးအသိုက်အဝန်းနှင့် အားနည်းသောအုပ်စုအပေါ် အားပေးထောက်ပံ့မှုများ တိုးမြင့်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကြီးမားတိုးတက်အောင် အတူတကွကြိုးပမ်း၍ မျှတစွာခွဲဝေရန်နှင့် တရုတ်နိုင်ငံက APEC အဖွဲ့မှတစ်ဆင့် နေထိုင်သူပြည်သူများ၏ဝင်ငွေတိုးမြင့်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အုပ်စုလိုက်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးစသည်တို့ကို အဆိုပြုကာ အာရှ-ပစိဖိတ်စီးပွားရေးအဖွဲ့အစည်းများ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြု၍ အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။