၁၈.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ဖိလစ်ပိုင်နဲ့ အမေရိကန်ပြည်ထောင်စုတို့က စစ်ထောက်လှမ်းရေးသတင်းအချက်အလက်တွေ မျှဝေဖို့ သဘောတူညီချက်တစ်ရပ်ကို နိုဝင်ဘာလ ၁၈ ရက်မှာ လက်မှတ်ထိုးသွားကြမယ်လို့ ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရိုက နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းမှာပဲ ပြောကြားခဲ့ပါတယ်။ ဒါက ကာကွယ်ရေးစာချုပ်ချုပ်ဆိုထားတဲ့ မဟာမိတ်နှစ်နိုင်ငံအကြား လုံခြုံရေးရာဆက်သွယ်မှုတွေ ပိုမိုတိုးမြှင့်လာခဲ့တာလည်း ဖြစ်ပါတယ်။
သူနဲ့ ဖိလစ်ပိုင်ကိုရောက်ရှိနေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့က ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးမယ်လို့လည်း ဂီလ်ဘာတိုက ပြောခဲ့ပါတယ်။
GSOMIA လို့ ခေါ်တဲ့ အဆိုပါ စစ်ရေးသတင်း အထွေထွေလုံခြုံမှု သဘောတူညီချက်အရ နှစ်နိုင်ငံစလုံးက ရရှိတဲ့ စစ်ရေးသတင်းတွေကို မျှဝေပေးကြဖို့ သဘောတူကြမှာဖြစ်ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာတို့ လက်ထက်မှာ ခေါင်းဆောင် နှစ်ဦးက တောင်တရုတ်ပင်လယ်အတွင်းနဲ့ တိုင်ဝမ်ကျွန်းအနီးမှာ တရုတ်နိုင်ငံရဲ့ ရန်လိုတဲ့မူဝါဒတွေကိုတုံ့ ပြန်ဖို့ နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာသဘောတူညီချက်တွေ ပိုလို့ချုပ်ဆိုဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။
တောင်တရုတ်ပင်လယ်ဒေသအတွင်းအပါအဝင် တကယ်လို့ တစ်နိုင်ငံအနေနဲ့ ပြင်ပကတိုက်ခိုက်မှုခံခဲ့ရရင် ဒီပြင်တစ်နိုင်ငံက ကူညီပေးဖို့ တောင်းခံနိုင်တဲ့ ၁၉၅၁ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အပြန်အလှန် ကာကွယ်ရေး စာချုပ်လည်း သူတို့နှစ်နိုင်ငံကြားမှာရှိနေပါတယ်။
ဖိလစ်ပိုင်နိုင်ငံအစိုးရကတော့ လာမယ့်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစိုးရလက်ထက်မှာလည်း နှစ်နိုင်ငံအကြား မဟာမိတ်တွေအဖြစ်တည်ရှိမှုက ဆက်လက်ခိုင်မာနေမယ်လို့ ယုံကြည်ပါတယ်လို့ ပြောခဲ့ပါတယ်။
နောက်ဆုံးသတင်းတွေအရ ဖိလစ်ပိုင်နဲ့ အမေရိကန်အကြား စစ်ထောက်လှမ်းရေးသတင်းတွေမျှဝေရေးသဘောတူညီချက်ကို ဂီလ်ဘာတိုနဲ့ လွိုက်အော်စတင်တို့က ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာရှိ အမျိုးသားကာကွယ်ရေးဌာန (DND) မှာ သဘောတူညီချက် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။
Ref-Bangkok Post & Aljazeera