၁၈.၁၁.၂၀၂၄
Written By Zun
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် ပါဆယ်ထုပ်ထဲက ပေါက်ကွဲမှုဖြစ်ပွားကာ ရပ်ကွက်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်တစ်ပါး ပျံလွန်သွားမှု ယနေ့ နိုဝင်ဘာလ ၁၈ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားရာတွင် ယနေ့နံနက် ၈ နာရီကျော်အချိန်က တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ သံသုမာလမ်း၊ မြန်မာ့ဂုဏ်ရောင်အိမ်ရာဝန်း အတွင်းရှိ မြို့ဦးပရိယတ္တိစာသင်တိုက်တွင် လက်လုပ်လက် ပစ်ဗုံး ၁ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ ရပ်ကွက်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်တစ်ပါး ပျံလွန် သွားကြောင်း ဖော်ပြပါရှိသည်။
ပေါက်ကွဲမှုကြောင့် မြို့ဦး ပရိယတ္တိစာသင်တိုက်(၃)ထပ်ကျောင်းဆောင်အောက်ထပ်၊ ခြံစည်းရိုးဘေးကပ်လျက်အခန်း၌သီတင်းသုံးနေသော သက်တော် (၅၇)နှစ်၊ ဝါတော် (၃၇)နှစ် ရှိ ရပ်ကွက်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဦးဉာဏဝံသ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အခုဖြစ်စဉ်က အခန်းတွင်းမှာ ပေါက်ကွဲမှု ဖြစ်တာကြောင့် ဒီဗုံးက ဘယ်လိုပေါက်တာလဲဆိုတာကို အသေးစိတ်တော့ ထပ်ကာထပ်ကာ စစ်ဆေးနေတယ်။ ကနဦးအနေနဲ့တော့ ပါဆယ်ထုပ်က ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာကို ကောက်ချက်ချထားတာပေါ့။ ဖြစ်တာက ဒီနေ့ မနက်စောစောအချိန်မှာ ဖြစ်တာ။ ပေါက်ကွဲသံကြားပြီးတော့ သွားကြည့်တဲ့အချိန်မှာ ဆရာတော်က ပျံလွန်တော်မူနေပြီ။အခု ဘုန်းကြီးကျောင်းတွေကို စစ်ဆေးတာတွေလည်း လုပ်နေပါတယ်”ဟု လုံခြုံရေးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ၎င်းအကြမ်းဖက်ဖောက်ခွဲမှုတွင် ပါဝင်သူများကို အမြန်ဖမ်းဆီးရမိရေး လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။