၁၈. ၁၁. ၂၀၂၄
Written by Hey Mar
သူခိုးကြီးညက ဖြစ်ရပ်ကို ရန်ငြိုးဖွဲ့ကာ လူငယ်နှစ်ဦး ဓားနဲ့ထိုးခံရတဲ့ဖြစ်စဉ် နိုဝင်ဘာ ၁၇ ရက် ညသန်းခေါင်အချိန်က သာကေတမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်က သာကေတမြို့နယ်၊ ဆယ်တောင်ရပ်ကွက်မှာ ဖြစ်ပွားခဲ့ပြီး၊ နိုဝင်ဘာ ၁၆ ရက် မနက်အစောပိုင်း နှစ်နာရီဝန်းကျင်မှာ ကျီးမနိုးပွဲ အပျော်သဘော လုပ်ဆောင်နေတဲ့ လူငယ်တစ်စုက ရပ်ကွက်ထဲ လမ်းတွေပိတ်ဆို့အောင် ပစ္စည်းတွေနဲ့ တားဆီးတာကို ရပ်ကွက်သားနှစ်ဦးဖြစ်သူ လူငယ်နှစ်ဦးက ညရေးညတာ အရေးပေါ် အခြေအနေရှိကြောင်း၊ လမ်းပိတ်ဆို့အောင်မလုပ်သင့်ကြောင်း ပြောဆိုနှင်ထုတ်ကာ ပြန်လည်ဖယ်ရှားရာက နိုဝင်ဘာ ၁၇ ရက် ညသန်းခေါင်မှာ အဆိုပါ ကျီးမနိုးပွဲ ဆင်နွှဲတဲ့ လူငယ်တွေထဲက ၁၁ ရပ်ကွက်သားဖြစ်သူနှစ်ဦးက ဓားနဲ့ လာပြန်ထိုးတာလို့ သိရပါတယ်။
ဓားထိုးခံရသူ လူနာတွေကို အရေးပေါ်ကူညီကယ်ရေး ဆောင်ရွက်ပေးခဲ့တဲ့ ပေးဆပ်သူ လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ဗိုက်ထဲက အူတွေပါ ထွက်တာမို့ ကျွန်တော်တို့လည်း အဝတ်သန့်သန့်ကို ရေဆွတ်ပြီး ဗိုက်ကို အုပ်စည်းပြီး ဆေးရုံ အမြန်ပို့ရတယ်။ ကံကောင်းထောက်မလို့ အသက်အန္တရာယ်လွတ်ခဲ့တယ်ပေါ့။ ကျူးလွန်သူ နှစ်ဦးကလည်း လူငယ်တွေပဲ။ သာကေတ မြို့မရဲစခန်းက အချိန်နဲ့ တစ်ပြေးညီ ရှာဖွေဖမ်းဆီး ဖော်ထုတ်ခဲ့ပါတယ်။ အပျော်ကနေ အပျက်ဖြစ်တာပေါ့။ အလုပ်ပျက်တယ်။ မိသားစု အမှုအခင်းရင်ဆိုင်ရတယ်။ နှစ်ဖက်စလုံး အကျိုးပျက်တာပဲ “လို့ MT News ကို ပြောပါတယ်။
ဓားထိုးခံရသူနှစ်ဦးက လက်ရှိမှာ ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။