◾ တရုတ်နိုင်ငံအတွင်း စိတ်ဝေဒနာ ခံစားမှုတစ်ခုခုကြောင့် အစုလိုက်အပြုံလိုက်လူသတ်မှုများ ကျူးလွန်လေ့ရှိလာ
၁၈.၁၁. ၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံအရှေ့ပိုင်း ဂျီယန်စုပြည်နယ်၊ ဝူရှီမြို့ရှိ အနုပညာနဲ့ နည်းပညာ အသက်မွေးဝမ်းကြောင်းတက္ကသိုလ်မှာ ကျောင်းသားဟောင်းတစ်ဦးက ဓားနဲ့ထိုးပြီး ဝရုန်းသုန်းကားပြေးလွှားမှုတစ်ရပ် နိုဝင်ဘာ ၁၆ ရက်က ဖြစ်ခဲ့တာမှာ လူရှစ်ဦးသေဆုံးရပြီး ၁၇ ဦးဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၇ ရက်မှာ ပြောခဲ့ပါတယ်။
ဒီအမှုက တရုတ်နိုင်ငံမှာ တစ်ပတ်အတွင်းမှာပဲ လူသေမှုများပြားတဲ့ ဒုတိယမြောက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုလည်း ဖြစ်ခဲ့ပါတယ်။
ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်သူဖြစ်တဲ့ အသက် ၂၁ နှစ်ရှိ အမျိုးသားတစ်ဦးကိုလည်း အချင်းဖြစ်ပွားတဲ့နေရာမှာပဲ ဖမ်းမိခဲ့ပြီး တရားခံက ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့တယ်လို့လည်း သိရပါတယ်။ ဝူရှီမြို့ ရဲတပ်ဖွဲ့က အဆိုပါ ဓားထိုးတိုက်ခိုက်မှုကျူးလွန်ခဲ့သူ ကျောင်းသားဟောင်းက စာမေးပွဲကျမှုကြောင့် ဘွဲ့လက်မှတ်မရရှိဖြစ်နေရတာနဲ့ သူ့ရဲ့အလုပ်သင်ကာလအတွင်း လျော်ကြေးမရခဲ့တာတွေကြောင့် မကျေမနပ်ဖြစ်နေရာကနေ ခုလို မသက်ဆိုင်သူတွေကို ဓားနဲ့ထိုး အကြမ်းဖက်မှုပြုခဲ့တာလို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၁ ရက်ညမှာလည်း တရုတ်နိုင်ငံတောင်ပိုင်း ဇူဟိုင်းမြို့မှာ အသက် ၆၂ နှစ်ရှိလူတစ်ဦးက သူ့ရဲ့ SUV ကားနဲ့ အားကစားကွင်းတစ်ခုအနီး လေ့ကျင့်ခန်းပြုလုပ်နေကြတဲ့ လူအုပ်ကို ဝင်တိုက်ရာမှာ လူ ၃၅ ဦးသေဆုံးပြီး ၄၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီလူက အိမ်ထောင်ဘက်နဲ့ကွာရှင်းပြီးတဲ့နောက် အိမ်ခြံမြေခွဲဝေ ယူမှုအပေါ် မကျေမနပ်ဖြစ်နေသူတစ်ဦးလို့လည်း သိရပါတယ်။
ဒီဖြစ်ရပ်နှစ်ခုစလုံးမှာ တရားခံတွေက သူတို့မှာစီးပွားရေးအရ ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတာကိုခံစားနာကျည်းပြီး မသက်ဆိုင်သူတွေကို အစုလိုက် အပြုံလိုက်သေစေခဲ့တဲ့ အကြမ်းဖက်လူသတ်မှုတွေ ကျူးလွန်ခဲ့တာပဲလို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ ဒါ့ပြင် ဒီနှစ်ထဲမှာ တရုတ်နိုင်ငံတစ်ဝန်း တခြားသော ဓားနဲ့တိုက်ခိုက်မှုတွေက အနည်းဆုံး ခြောက်မှုရှိမယ်လို့လည်း သိရပါတယ်။
ဒီလို အစုလိုက်အပြုံလိုက်လူသတ်မှုတွေ ဖြစ်ခဲ့ရတာကြောင့် တရုတ်နိုင်ငံအတွင်း စိတ်ဝေဒနာ ခံစားရမှုတွေအပေါ် ရှားရှားပါးပါး အွန်လိုင်းမှ ဆွေးနွေးမှုတစ်ရပ်ကိုတောင် ပြုလုပ်ခဲ့ကြပါတယ်။ ကမ္ဘာ့ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ စီးပွားရေးနှေးကွေးလာခြင်းနဲ့လူငယ်တွေအနေနဲ့ နိုင်ငံရဲ့ဖွံ့ဖြိုး တိုးတက်မှုအသီးအပွင့်တွေကို သူတို့လက်ထက်မှာ အရင်မျိုးဆက်တွေလောက် အကျိုးမခံစားရဘူးလို့ တွေ့မြင်ချက်တွေကာ စိတ်ဓာတ်ကျဆင်းမှုတွေ ကြီးမားစွာဖြစ်စေတယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။
ရှန်ဟိုင်းမြို့၊ ဖူဒန်တက္ကသိုလ်ရဲ့ ပါမောက္ခ ကူဝေဂိုးကလည်း ဒီမကြာမီကဖြစ်ခဲ့တဲ့ အမှုတွေကို လေ့လာကြည့်ရင် မဆင်မခြင် အရမ်းကာရောနဲ့ လူ့အသိုင်းအဝိုင်းကို လက်စားချေတာမျိုးတွေဆိုတာတွေ့ရမှာပါ။ တရားခံတွေကိုကြည့်ရင်လည်း မကျေနပ်မှုတစ်ခုခုကြောင့် စိတ်ဝေဒနာခံစားနေရတဲ့သူတွေဖြစ်ပြီး ကျွန်ပြုခံထားရတယ်လို့ ယုံကြည်နေကြသူတွေဖြစ်ပြီး ဒီမကျေနပ်ချက်ကိုထုတ်ပြဖို့ တခြားနည်းလမ်းမရှိဘူးလို့ ခံစားနေရသူတွေလည်းဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။
Ref. CNA