၁၈. ၁၁. ၂၀၂၄
Written by Nyein Kyaw
ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော် ၄၇၃၉ ချပ်တို့ကို စတင်ကပ်လှူပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များ လှည့်လည်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာအသီးသီးတွင် ကျင်းပခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။
ယနေ့ နံနက် ၇ နာရီခွဲအချိန်တွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့က ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရွှေစင်ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူပူဇော်ခြင်းနှင့် ပတ်သက်၍ အနုမောဒနာစာတမ်းလွှာကို ဖတ်ကြားလျှောက်ထားရာ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးကို စတင်တည်ထားပူဇော်ခဲ့သည့်အချိန်မှစ၍ မျက်မှောက်ကာလတိုင်အောင် ခေတ်အဆက်ဆက်တွင် ရဟန်းရှင်လူ၊ ပုဂ္ဂိုလ်အသီးသီးတို့က ကာယ၊ ဉာဏ၊ ဓနအားတို့ဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ပူဇော် ကုသိုလ်ယူခဲ့ကြရာတွင် စတင်တည်ထားစဉ် ၆၆ ပေဉာဏ်တော်အမြင့်မှသည် ယခု ၃၂၆ ပေတိုင်အောင် တည်ဆောက်ပူဇော်ခဲ့ပြီး ထုံးသင်္ကန်းမှ ဆေးသင်္ကန်း၊ ထိုမှမျက်ပါးရွှေသင်္ကန်း၊ ရွှေစင်ရွှေပြားသင်္ကန်းတော်စသည်ဖြင့် ဦးဆောင်သူများ၏ စီမံကြီးကြပ်ကောင်းမွန်မှု၊ ရဟန်းရှင်လူအများပြည်သူတို့၏ စေတနာသဒ္ဓါထက်သန်မှုတို့ကြောင့် တစ်နှစ်ထက် တစ်နှစ်၊ တစ်ခေတ်ထက်တစ်ခေတ် တိုးတက်ပူဇော်ခဲ့ရာ ယခုကဲ့သို့ ရွှေစင်ရွှေသားအတိ ရွှေတောင်ကြီး ပေါက်သည့်ပမာ ကမ္ဘာ့အံ့ဘွယ်တစ်ပါးအဖြစ် ဖူးတွေ့ကြည်ညိုနေရပြီဖြစ်ကြောင်း လျှောက်ထားခဲ့သည်။
ယခု ၂၀၂၄-၂၀၂၅ ခုနှစ် ရွှေသင်္ကန်းတော်ကပ်လှူခြင်းလုပ်ငန်းကို ဩဝါဒါစရိယဆရာတော်ကြီးများထံတွင် ဩဝါဒခံယူခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၁၉ ရက်မှစတင်ကာ ဝါးငြမ်းထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကာ ယခုအခါ ရွှေပြားသင်္ကန်းတော်များ စတင်၍ကပ်လှူပူဇော်သွားမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရွှေစင် ၆ ကျပ်သား ၄၆၇ ချပ်၊ ရွှေစင် ၁ ကျပ်သား ၄၂၇၂ ချပ် စုစုပေါင်း ၄၇၃၉ ချပ် အလှူရရှိထားပြီး ရထားပျံပေါ်သို့ အလှူရှင်များကိုယ်တိုင် တင်လှူပူဇော်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၃၂၀ လောက်တင်ပေးပါ EE Naing