၁၈.၁၁.၂၀၂၄
Written by KL
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၈)၊ သိင်္ဂီလမ်းနှင့် ယုဇနလမ်းထောင့်ရှိ ကွမ်းယာဆိုင်တွင် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ ခန့်က အားသွင်းထားသော ဖုန်းတစ်လုံးပေါက်ကွဲပြီး အနီးရှိ ပလတ်စတစ်ဘူးဖြင့်ထည့်ထားသော ဓာတ်ဆီဘူးပေါ်ကျ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း မီးငြိမ်းသတ်သူများထံမှ သိရသည်။
“ကွမ်းယာဆိုင်ထဲမှာ ဖုန်းလေးလုံးကို တစ်ပြိုင်ထဲအားသွင်းထားရာက တစ်လုံးထပေါက်ကွဲတာ။ ဖြစ်ချင်တော့ အနားက ဓာတ်ဆီဘူးပေါ်ကျပြီး မီးလောင်တာ။ ဆိုင်ထဲမှာရှိနေတဲ့ ကောင်လေးလည်း မီးလောင်ဒဏ်ရာတွေရသွားတယ်”ဟု မီးငြိမ်းသတ်သူတစ်ဦးက ပြောသည်။
မီးလောင်မှုမှာ ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ရာ ကွမ်းယာဆိုင်တစ်ဆိုင် မီးလောင်ဆုံးရှုံးခဲ့ပြီး အသက် ၂၅ နှစ်အရွယ် ဦးသက်ဇော်ဝေ၏ ခန္ဓာကိုယ်ရှိ အရေပြား ၇၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းခဲ့သဖြင့် အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
မီးလောင်ဒဏ်ရာရရှိသူ အမျိုးသားကို သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ အသင်းဝင်များက အသင်းပိုင်ယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ကွမ်းယာဆိုင် မီးလောင်မှုကို ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းနှင့် ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် ၂ စီး၊ မီးသတ်ရေသယ်ယာဥ် ၁စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၂၀ ကျော်ဖြင့် ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
လူတစ်ဦး မီးလောင်ဒဏ်ရာရရှိခဲ့သော ကွမ်းယာဆိုင် မီးလောင်မှုနှင့်ပတ်သက်၍ အသက် ၄၇ နှစ်အရွယ် ဒေါ်ဝေမာမြင့်ကို ပြင်ဦးလွင်မြို့မရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၂၈၅၊ ၃၃၇ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။
ပုံစာ။ ပြင်ဦးလွင်မြို့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဥ်တစ်ခု မီးငြှိမ်းသတ်နေမှုမြင်ကွင်း။