၁၈.၁၁.၂ဝ၂၄
Written by K Pyay Thein
အမေရိကန်နိုင်ငံမှာ အခုနိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းဒေါ်နယ်ထရမ့်ကို အမေရိကန်နိုင်ငံရဲ့(၄၇)ဦးမြောက်သမ္မတအသစ်အဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါတယ်။
အဲ့ဒီတစ်ကျော့ပြန် ကန်သမ္မတ ထရမ့်လက်ထက်မှာ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် သီးသန့်ထုတ်ပြန်အတည်ပြုထားတဲ့ မြန်မာ့ပြည်တွင်းစစ်မီးကိုရှည်စေတဲ့ Burma Act 2022 ဥပဒေကို ပြန်လည်ရုပ်သိမ်းသွားဖို့ အရိပ်အ ယောင်တွေလည်း တွေ့နေရတဲ့အတွက် မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ တစ်မျိုးတစ်ဖုံ အပြောင်းအလဲတွေ ဖြစ်လာနိုင်ဖွယ်ရာရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတချို့က သုံးသပ်မှုပါတယ်။
“အမေရိကန်က ထုတ်ပြန်ထားတဲ့ Burma Act
ဆိုတာကို ကျွန်တော်တို့ကတော့ နဂိုကတည်းက
မကြိုက်တာလေ။ ဒီဥပဒေက ပြည်တွင်းစစ်မီးကိုပြန့်အောင် ရှည်ကြာအောင်လုပ်နေတယ်လို့ပဲ မြင်ပါတယ်။ ရှင်းရှင်းပြောရရင် သွယ်ဝိုက်တဲ့နည်းနဲ့ အမေရိကန်က တစ်ဖက်အုပ်စုတွေကို ထောက်ပံ့နေတယ်လို့ပဲ ပြောရင်ရတယ်။ ကြားနေရတာက အခုသမ္မတအသစ်ဖြစ်တဲ့ ထရမ့်ပြန်တက်လာရင် Burma Act ကို ပြန်ရုပ်သိမ်းမယ်လို့လည်း ကြားနေရတယ်။ ဒါဆိုမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးအတွက် ပြန်ပြီးတော့လမ်းစပွင့်လာတယ်လို့ ဆိုရမှာပေါ့။ တကယ်တော့ BurnaAct ဆိုတာကလည်း မြန်မာပြည်တွင်းရဲ့စစ်မီးကိုရှည်အောင်လုပ်ထားတဲ့သဘောပါပဲ”လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်တဲ့ ဦးဇော်ဇော်အောင်က ဘားမားအက်နဲ့ပတ်သက်လို့ သူရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ ပြည်ပြေးအင်အားစုတွေနဲ့ ပြည်ပနိုင်ငံတွေရောက် မြန်မာ့အရေးကိုဆောင်ရွက်နေတယ်လို့ ဆိုသူတွေက အမေရိကန်လွှတ်တော်ကတစ်ဆင့် Burma Act(ဘားမားအက်)ဥပဒေကို ပြဌာန်းပေးဖို့ အမေရိကန်အစိုးရကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
အဲ့ဒီအမေရိကန်အစိုးရရဲ့Burma Act(ဘားမားအက်)ဥပဒေမှာဆိုရင်တော့ နည်းပညာအထောက်အပံ့ အပါအဝင် လက်နက်မဟုတ်တဲ့အကူအညီတွေကို အချိန်ကိုက်ပေးနိုင်ဖို့ဆိုတာတွေ ပါဝင်ခဲ့ပြီး ဒီဥပဒေအရ နှစ်စဥ် သန်း ၂၀၀ ဝန်းကျင်လောက် NUG နဲ့ EAOs တွေက ရရှိနေတဲ့သဘောဖြစ်ပြီး Burma Act က ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိနေမှာပါ။
ဒါဟာမြန်မာ့ပြည်တွင်းရေးစစ်မီးကိုရှည်ကြာစေဖို့နဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို တိုးပွားသထက်တိုးပွားလာအောင် သွယ်ဝိုက်သောနည်းနဲ့အမေရိကန်အစိုးရရဲ့ထောက်ပံ့ကူညီမှုတွေဖြစ်တယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။
“အမေရိကန်ရောက်ပြည်သူတွေနဲ့ ပြည်ပ
ရောက်သူတွေက နိုင်ငံရေးအကြောင်းပြပြီး
ဒီ Burma Act ကရတဲ့ ပိုက်ဆံတွေနဲ့ပဲ ဖြေရှင်းနေရတာလေ။ ဒါကိုရုပ်သိမ်းလိုက်ရင်တော့ အားလုံးဖြေရှင်းပြီးသားဖြစ်သွားမယ်လို့ ထင်ပါတယ်။Burma Act ဆိုတာကြီး ရှိနေသရွေ့တော့ ပြည်တွင်းစစ်မီးက ရှည်နေဦးမှာပါ”လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပြပါတယ်။
ဒီလို စစ်မီးရှည်ကြာစေတဲ့ Burma Act ကို အမေရိကန်သမ္မတအသစ် ထရမ့်လက်ထက်မှာ ပြန်ရုပ်သိမ်းမယ်ဆို မြန်မာနိုင်ငံရဲ့ ပြည်တွင်းမှာဖြစ်ပွားနေတဲ့ စစ်မီးတွေဟာ တစ်ခဏတာအတွင်း ချုပ်ငြိမ်းသွားနိုင်မှာဖြစ်သလို နောက်တစ်ချက်ကတော့ မြန်မာ့ငြိမ်းချမ်းရေးလမ်းစကိုပြန်ပွင့်လာနိုင်စေမှာဖြစ်တယ်လို့လည်း သုံးသပ်မှုတွေ ရှိထားတာဖြစ်ပါတယ်။