၁၈.၁၁. ၂၀၂၄
Translated by Htwe Ko Tun
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က ပါဝင်တိုက်ခိုက်ပေးနေသလိုပဲ အမေရိကန် ဂျိုးဘိုင်ဒန်က အမေရိကန်က ယူကရိန်းကိုထောက်ပံ့ထားတဲ့ ရုရှားနိုင်ငံအတွင်းပိုင်းအထိ ပစ်ခတ် တိုက် ခိုက်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေ သုံးစွဲဖို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးကို ခွင့်ပြုခဲ့တယ်လို့ အမေရိ ကန်အစိုးရအရာရှိကြီးတွေက ပြောခဲ့ကြပါတယ်။
ယူကရိန်းတို့က နွေရာသီမှာထိုးစစ်ဆင်ခဲ့တဲ့ ရုရှားနိုင်ငံတောင်ပိုင်း ကာ့စ်ခ် ဒေသကို ပြန်သိမ်းနိုင်ဖို့ ရုရှား ဘက်ကလည်း တပ်ဖွဲ့ဝင် ၅၀,၀၀၀ နီးပါး တပ်ဖြန့်ချလာတာမှာ ဒီလိုဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။ ဒီလက် နက်တွေကို အဓိကအနေနဲ့တော့ ကာ့စ်ခ် ဒေသအတွင်းအသုံးပြုဖို့ ရည်ရွယ်တယ်လို့လည်း အမေရိကန် အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။
ရုရှားက ကာ့စ်ခ်ဒေသကို ပြန်လည်ထိုးစစ်ဆင်ရာမှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ပါလာတာကလည်း စစ်ပွဲအနေနဲ့ အန္တရာယ်ရှိတဲ့အဆင့်တစ်ရပ်ကို ရောက်ရှိလာမလားဆိုတာ ဘိုင်ဒန်နဲ့ သူ့ရဲ့ အကြံပေးပုဂ္ဂိုလ်တွေက စိုးရိမ်ကြတယ်လို့လည်း ဆိုပါတယ်။
ATACMS လို့ အတိုကောက်ခေါ်ကြတဲ့ အမေရိကန်ရဲ့ နည်းဗျူဟာမြောက် တာဝေးပစ်ဒုံးကျည်တွေကို အသုံးပြုခွင့်ပေးဖို့ ယူကရိန်းသမ္မတဇယ်လန်စကီးကတောင်းဆိုလာတာလည်း လနဲ့ချီခဲ့ပါပြီ။ အမေရိကန် အစိုးရ အရာရှိတောမှာလည်း တချို့ကတော့ စစ်ရှိန်ပိုမြင့်လာမှာစိုးရိမ်နေကြသလို တချို့ကလည်း လက် နက် သိုလှောင်ထားမှုတွေ လျော့ပါးလာမှာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
စစ်ပွဲရဲ့ ပထမနှစ်နှစ်အတွင်းမှာတော့ အမေရိကန်အစိုးရက ယူကရိန်းကို ATACMS ဒုံးကျည်တွေ ပံ့ပိုးဖို့ ငြင်းဆိုခဲ့ပါသေးတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတော့ ဂျိုးဘိုင်ဒန်က ဒီဒုံးကျည်တွေကို ယူကရိန်းအစိုးရကို ပေးပို့ဖို့ လျှို့ဝှက်အတည်ပြုခဲ့ပြီး ဧပြီလမှာ စတင်ပေးပို့ခဲ့တာပါ။ ဘိုင်ဒန် အနေနဲ့ ဒီဒုံးကျည်တွေကို ယူကရိန်းက အသုံးပြုခွင့်အတွက် သုံးနှစ်နီးပါးငြင်းဆိုလာခဲ့ရာကနေ ခုတော့ဇယ်လန်စကီးရဲ့ တောင်းဆိုချက်ကို ခွင့်ပြုခဲ့တာပါပဲ။
ဇယ်လန်စကီးကတော့ ဒီသတင်းတွေနဲ့ပတ်သက်လို့ “ဒီလိုခွင့်ပြုခဲ့တယ်ဆိုတာ ဟုတ်မဟုတ်ကို ဒီဒုံးကျည်တွေကပဲ အဖြေပေးကြမှာပါ။ တိုက်ခိုက်မှုတွေကို စကားလုံးတွေနဲ့ ပြောလို့မရဘူး။ ဒီတိုက်ခိုက်မှုတွေ အ တွက်ကြေညာနေစရာလည်းမလိုဘူး။ ဒုံးကျည်တွေကသူတို့ဟာသူတို့ အဖြေပေးပါလိမ့်မယ်” လို့ နိုဝင်ဘာလ ၇ ရက်မှာ ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်ကတော့ ရုရှားနိုင်ငံကိုသာ ဒီလို နည်းဗျူဟာမြောက် တာဝေးပစ်ဒုံးကျည်တွေနဲ့တိုက် ခိုက်လာရင် ရုရှားကလည်း နျူကလီယားလက်နက်သုံးရလိမ့်မယ်လို့ အနောက်အုပ်စုကို စက်တင်ဘာလအ တွင်းက သတိပေးခဲ့ပါသေးတယ်။
Ref-CNN