၁၈.၁၁.၂၀၂၄
Written Bu Zun
မန္တလေး အမရပူရ DENKO စက်သုံးဆီဆိုင်အတွင်း သေနတ် ၅ ချက်ပစ်ဖောက်၍ ဝင်ရာက်လုယူမှု ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု၊ မုတ်ပုလဲကျေးရွာတွင် ဖွင့်လှစ်ထားသည့် Denko စက်သုံးဆီအရောင်းဆိုင်သို့ အသက် ၂၅ နှစ်အရွယ်ခန့် အမည်မသိအမျိုးသားတစ်ဦးမှ CZI-125 နက် ပြာရောင် ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ၎င်းဝတ်ဆင်လာသည့်အင်္ကျီနက်ပြာရောင်ဂျာကင်အတွင်း ဝှက်ယူလာသည့် သေနတ်အရှည်ကို ဇစ်ဆွဲထုတ်ပြီး သေနတ် ၅ချက်ပစ်ဖောက်ခဲ့ကာ လုယူသွားခြင်းဖြစ်ကြောင်း၊ ၎င်းဆီဆိုင်တွင် ဝန်ထမ်းအမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၅ ဦး ရှိနေကြောင်းလည်းသိရသည်။
“PDFပဲဗျ အဲဒီ တစ်ယောက်က။ ဆီဆိုင်ထဲကိုဝင်လာတယ်။ ဆီဆိုင်မှာက CCTV တွေ တပ်ထားတာ။ သေနတ်ကို ဝှက်ပြီး ယူလာတာ။ ဆိုင်ထဲကိုဝင်ပြီးမှ သေနတ်ကို ထုတ်တာတဲ့။ ကျွန်တော်တို့က ဆိုင်ကယ်ဆီသွားထည့်တဲ့ အချိန်မှာ အဲဒါက ဖြစ်ပြီးပြီ။ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာပေါ့။ ပိုက်ဆံက အများကြီးမပါဘူး။ ၁၂ သိန်းကျော် လောက်ပဲပါသွားတာတဲ့။ အဲဒါယူပြီး ဒီကောင် ထွက်ပြေးသွားတာတဲ့။ ဘယ်သူမှ မလိုက်ရဲဘူးလေ။ ပိုက်ဆံကလည်း နည်းနည်းလေးဆိုတော့ မလိုက်တော့တာလည်း ဖြစ်မယ်ဗျ”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။
အဆိုပါ လုယူသည့် PDF က သူစီးလာသော ဆိုင်ကယ်ကိုစီးကာ ထုံးဘို-ပြင်ဦးလွင်လမ်းအတိုင်း မောင်းနှင် ထွက်ပြေးသွားကြောင်းနှင့် အခင်းဖြစ်ပွားရာနေရာတွင် 2024-9-S စာသားများပါသည့်ကျည်ခွံ ၅ ခုကျန်ရှိခဲ့ကြောင်းလည်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဆီဆိုင်တာဝန်ရှိသူက ရဲတပ်ဖွဲ့ကို အကြောင်းကြားထားကြောင်းနှင့် ရဲတပ်ဖွဲ့ကလည်း ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်နေကြောင်း သိရသည်။
ပုံစာ။ CCTV မှတ်တမ်းမှ SS ယူထားသော ပုံများကို တွေ့ရစဉ်။