၁၈. ၁၁. ၂၀၂၄
Written by Nay Moe
ရဲကင်းအနီးရှိ လမ်းမပေါ်တွင် သန်းခေါင်စာရင်းကောက်ယူရန် အသံချဲ့စက်ဖြင့် အော်နေသည့် အုပ်ချုပ်ရေးမှူး ဦးခေါင်းကို သေနတ်ကျည်တစ်ချက်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်သည်ဟု ကျုးလွန်သည့် အုတ်ဖို PDF အဖွဲ့က ဝန်ခံချက်ထုတ်ပြန်လိုက်သည်။
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်(ခ)ဇော်ထွန်းအား နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အုတ်ဖိုတာဆုံ ရန်ကုန်-ပြည်ကားလမ်းဘေး ရဲကင်းအနီးရှိ လမ်းမပေါ်၌ သန်းခေါင်စာရင်းကောက်ရန် အသံချဲ့စက်ဖြင့် အော်နေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို PDF များက သေနတ်ကျည် ၁ချက် ဦးခေါင်းတည့်တည့် ပစ်ခတ်၍ သတ်ဖြတ်လိုက်ပြီး ဦးအောင်ဇော်ထံမှ လက်ပစ်ဗုံး ၁ လုံး၊ မိုဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၇၀၀ ကျပ်တို့အား လုယက်သိမ်းဆည်းရရှိခဲ့သည်ဟု ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်(ခ)ဇော်ထွန်းသည် တပ်ထောက်တိုင် အမာခံတစ်ဦးဖြစ်ပြီး PDF တပ်ဖွဲ့များနှင့် PDF များ၏ အချက်အလက်များအား ထောက်လှမ်းသတင်းပို့ခြင်း၊ ပြည်သူများအား အတင်းအကြပ် ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်းနှင့် ငွေကြေးကောက်ခံပေးခြင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် ဦးဆောင်ပါဝင်ခြင်းများ လုပ်ဆောင်နေသောကြောင့် သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် PDF အဖွဲ့က သတ်ဖြတ်မှုအပေါ် အကြောင်းပြချက်ပေးသော်လည်း အဆိုပါစွပ်စွဲချက်များ မှန်ကန်မှုရှိမရှိ MT News က အတည်မပြုနိုင်ချေ။