၁၈. ၁၁. ၂၀၂၄
Written by Nyein Kyaw
ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် စက်သုံးဆီတင်သွင်းသော လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၅ သန်း ထပ်မံရောင်းချပေးမည်ဖြစ်၍ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာသန်း ၅၀ ရောင်းချပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယခုနိုဝင်ဘာလအတွင်း ဗဟိုဘဏ်မှ ဒေါ်လာ ၂ ကြိမ်ထုတ်ရောင်းပေးခဲ့ပြီး နိုဝင်ဘာ ၄ ရက်တွင် ဒေါ်လာ ၁၅ သန်းနှင့် နိုဝင်ဘာ ၁၆ ရက်တွင် ဒေါ်လာ ၃၅ သန်း ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာထား၍ အဆိုပါနှစ်ကြိမ်အတွင်း ဒေါ်လာသန်း ၅၀ ရောင်းချပေးထားခြင်းဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် ဒေါ်လာအပြင် အခြားသော ထိုင်းဘတ်နှင့် တရုတ်ယွမ်တို့ကိုလည်း ယခုနိုဝင်ဘာလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်၊ ၇ ရက်၊ ၈ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ခုနစ်ကြိမ်ထုတ်ရောင်းပေးခဲ့ရာ အဆိုပါ ခုနစ်ကြိမ်အတွင်း ထိုင်းဘတ် ၁၇၁ သန်းကျော်နှင့် တရုတ်ယွမ် ၁၂ သန်းကျော် ထုတ်ရောင်းပေးခဲ့သည်။
ထို့ပြင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်သည်။
ယင်းကဲ့သို့ ဒေါ်လာများ ထုတ်ရောင်းပေးခဲ့မှုအပြင် နိုင်ငံခြားငွေဈေးနှုန်းများ တည်ငြိမ်မှုရှိခဲ့သဖြင့် ယခုရက်ပိုင်းအတွင်း စက်သုံးဈေးနှုန်းများ အနည်းငယ်ပြန်ကျခဲ့ပြီး ယနေ့တွင် ဒီဇယ်တစ်လီတာ ၂၆၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၃၁၀ ကျပ်၊ ဓာတ်ဆီ ၉၂ တစ်လီတာ ၃၀၁၀ ကျပ်နှင့် ဓာတ်ဆီ ၉၅ တစ်လီတာ ၃၂၀၀ ကျပ်ရှိရာ အမျိုးအစားအပေါ်မူတည်ကာ တစ်လီတာ ကျပ် ၂၀ ဝန်းကျင်ကျဆင်းခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
ပြီးခဲ့သည့် သုံးလကျော်အတွင်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့မှုကို လေ့လာကြည့်ပါက ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ သုံးလခွဲကျော်တွင် ဒေါ်လာ ၂၉၁ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၁ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၄ သန်းကျော်အထိ ထုတ်ရောင်းပေးထားသည်။