၁၈.၁၁.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်း၊ သမကုန်းမီးပွိုင့်အနီးတွင် နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီခန့်က ကန်တာယာဥ်နှင့် စည်ပင်အမှိုက်သိမ်းယာဥ်တို့ တိုက်မိရာမှ ယာဥ်မောင်းအမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသအခြေစိုက် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဥ်မှာ မအူပင်မှ ရွှေပိတောက်ငါးစျေးသို့ မောင်းနှင်လာသော Mitsubishi Canter အမျိုးအစား မော်တော်ယာဥ်ကို ထိန်ပင်အမှိုက်ပုံမှ အင်းစိန်မြို့နယ်ရှိ စည်ပင်ဝန်ထမ်းအိမ်ရာသို့ မောင်းနှင်လာသော Toyota Toyoace အမျိုးအစား စည်ပင်ပိုင် ဆေးရုံဆေးခန်းသုံးအမှိုက်သိမ်းယာဥ်က ဝင်တိုက်ခဲ့ရာ စည်ပင်ယာဥ်၏ ခေါင်းခန်းအတွင်း ယာဥ်မောင်းအမျိုးသားမှာ ဒဏ်ရာများ ရရှိပြီး ကားခေါင်းအတွင်း ညပ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကားခေါင်းအတွင်း ညပ်နေသော အသက် ၃၉ နှစ်အရွယ် ယာဥ်မောင်း အမျိုးသားကို လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ၂၇ မိနစ်အကြာတွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူယာဥ်မောင်း အမျိုးသားတွင် နှာခေါင်းသွေးထွက်ခြင်း၊ နဖူးပေါက်ပြဲခြင်း၊ ညာဘက်ပေါင်ကျိုးခြင်း၊ ဒူးနှင့်ဘယ်ခြေသလုံး ဒဏ်ရာရခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး လူနာမှာ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် မေတ္တာအလင်းရောင် လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။