◾ စစ်အေးတိုက်ပွဲသည် တိုက်၍မရသလို တိုက်၍လည်းအနိုင်မရကြောင်းနှင့် တရုတ်နိုင်ငံအပေါ် ထိန်းချုပ်ဟန့်တားခြင်းသည် ဉာဏ်အမြော်အမြင်မရှိခြင်းဖြစ်ပြီး လက်ခံ၍မရသလို ပို၍ပင် အောင်မြင်မည်မဟုတ်ဟု တရုတ်သမ္မတပြောကြား
MT News
၁၇. ၁၁. ၂၀၂၄
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်နှင့် လီမာမြို့၌ နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုတွင် ရှီကျင့်ဖိန်က လွန်ခဲ့သည့် ၄ နှစ်ကြာကာလက တရုတ်-အမေရိကန် ဆက်ဆံရေးသည် အတက်အကျအပြောင်းအလဲများကို ဖြတ်သန်းခဲ့ရသော်လည်း တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ရာ ယေဘုယျအားဖြင့် တည်ငြိမ်မှုကို ဖော်ဆောင်နိုင်ခဲ့ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
ထိုသို့ ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် တရုတ်-အမေရိကန် ဆက်ဆံရေး၏ လမ်းညွှန်အခြေခံမူအချို့ကို အတည်ပြုခဲ့ကြောင်း၊ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မှန်ကန်သည့်လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိအောင် အတူတကွ တွန်းအားပေးခဲ့ရာ ညှိနှိုင်းဆွေးနွေးမှု ယန္တရား ၂၀ ကျော်ကို ပြန်လည်တည်ဆောက်မှုနှင့် အသစ်တည်ဆောက်မှုပြုနိုင်ခဲ့ကြောင်း၊ သံတမန်ရေး၊ လုံခြုံရေး၊ ကုန်သွယ်စီးပွား၊ ဘဏ္ဍာရေး၊ ငွေကြေး၊ စစ်ရေး၊ မူးယစ်တားမြစ်တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လယ်ယာစိုက်ပျိုးရေး၊ ဥတုရာသီပြောင်းလဲမှု၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများတွင် အပြုသဘောအောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း ရှီက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၄ နှစ်က အတွေ့အကြုံများအရ ပါဝင်ခဲ့သည်များမှာ ပထမအနေဖြင့် မှန်ကန်သည့် မဟာဗျူဟာ သိမြင်မှု ရှိရမည် ဖြစ်သည်ဟု ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ “သူးဆီအီဒီးစ်ထောင်ချောက် (Thucydides Trap)” သည် သမိုင်း၏ ကံကြမ္မာမဟုတ်ကြောင်း၊ “စစ်အေးတိုက်ပွဲ” သည် တိုက်၍မရသလို တိုက်၍လည်းအနိုင်မရကြောင်း၊ တရုတ်နိုင်ငံအပေါ် ထိန်းချုပ်ဟန့်တားခြင်းသည် ဉာဏ်အမြော်အမြင်မရှိခြင်းဖြစ်ပြီး လက်ခံ၍မရသလို ပို၍ပင် အောင်မြင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
ဒုတိယအနေဖြင့် ဆိုခဲစေ မြဲစေ၊ အပြောနှင့်အလုပ် ကိုက်ညီပြတ်သားမှု ရှိရမည်ဖြစ်သည်ဟု ရှီက ပြောကြားခဲ့သည်။ လူဆိုသည်မှာ ကတိသစ္စာစောင့်တည်ခြင်းမရှိပါက ရပ်တည်၍ မရကြောင်း၊ တရုတ်နိုင်ငံသည် အပြောနှင့်အလုပ် ကိုက်ညီအောင် အစဉ်အမြဲ လုပ်ဆောင်သော်လည်း အမေရိကန်နိုင်ငံဘက်က အပြောတစ်မျိုး၊ အလုပ်တစ်မျိုး အမြဲလုပ်ဆောင်နေရာ အမေရိကန်၏ ပုံရိပ်အပေါ် လွန်စွာ အကျိုးမဖြစ်ထွန်းစေသလို နှစ်ဖက် အပြန်အလှန်ယုံကြည်မှုကိုလည်း ထိခိုက်စေကြောင်း ၎င်းက ဆိုသည်။
တတိယအနေဖြင့် တန်းတူညီတူ အပြန်အလှန် ဆက်ဆံရမည် ဖြစ်သည်ဟု ရှီက ပြောကြားခဲ့သည်။ တရုတ်-အမေရိကန် နိုင်ငံကြီး နှစ်နိုင်ငံ ကူးလူးဆက်ဆံမှုတွင် မည်သည့်ဘက်ကမျှ မိမိ၏ သဘောဆန္ဒအတိုင်း တစ်ဖက်သားအား ပြုပြင်ပြောင်းလဲ၍မရသလို “အင်အား အနေအထား” ဟူသောအဆိုဖြင့် တစ်ဖက်သားအား ဖိနှိပ်ချုပ်ချယ်၍ လည်း မရကြောင်း၊ မိမိနိုင်ငံ၏ ဦးဆောင်မှုနေရာအနေအထားကို ထိန်းသိမ်းရန်အတွက် တစ်ဖက်သား၏ တရားဝင်ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းကို ပိတ်ပင်ရန်မှာ ပို၍ပင်မရကြောင်း ၎င်းက ဆိုသည်။
စတုတ္ထအနေဖြင့် အနီရောင်စည်း၊ အောက်ထစ်စည်းကို စိန်ခေါ်၍ မရကြောင်း ရှီက ပြောကြားခဲ့သည်။ တရုတ်-အမေရိကန်သည် နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်ရာ အချို့ ပဋိပက္ခ၊ ကွဲလွဲမှုများမှာ ရှောင်လွှဲ၍ မရကြောင်း၊ သို့သော် ဗဟိုအကျိုးစီးပွားကို အပြန်အလှန် ထိခိုက်နစ်နာအောင်လုပ်ဆောင်၍မရသလို ပဋိပက္ခ၊ ထိပ်တိုက်ရင်ဆိုင်မှုများ ပို၍ပင် လုပ်ဆောင်၍ မရကြောင်း၊ တရုတ်တစ်နိုင်ငံတည်းအခြေခံမူနှင့် တရုတ်-အမေရိကန် ပူးတွဲ ကြေညာချက် ၃ ရပ်သည် နှစ်ဖက် ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံဖြစ်ရာ မလွဲမသွေ စောင့်စည်းလိုက်နာရမည် ဖြစ်ကြောင်း၊ ထိုင်ဝမ်အရေး၊ ဒီမိုကရေစီ လူ့အခွင့်အရေး၊ လမ်းစဉ်စနစ်၊ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးသည် တရုတ်နိုင်ငံ၏ အနီရောင်စည်းမျဉ်း ၄ ခု ဖြစ်ပြီး စိန်ခေါ်ခွင့်ပြုမည်မဟုတ်ကြောင်း၊ ဤသည်မှာ တရုတ်-အမေရိကန် ဆက်ဆံရေး၏ အရေးကြီးဆုံး အကာအရံနှင့် လုံခြုံရေးကွန်ရက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပဉ္စမအနေဖြင့် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ဆောင်ရွက်ရမည် ဖြစ်သည်ဟု ရှီက ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ ဘုံအကျိုးစီးပွားသည် လျော့နည်းသွားခြင်းမဟုတ်ဘဲ ပို၍ များပြားလာခြင်း ဖြစ်ကြောင်း၊ ကုန်သွယ်စီးပွား၊ လယ်ယာစိုက်ပျိုးရေး၊ မူးယစ်တားမြစ်တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့ကျန်းမာရေး စသည့် ကဏ္ဍများတွင်သာမက ဥတုရာသီပြောင်းလဲမှု၊ ဉာဏ်ရည်တု (AI) စသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်းနှင့် နိုင်ငံတကာဂရုပြုကြသည့်ကိစ္စရပ်များတွင်ပါ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှုစာရင်းကို တိုးချဲ့ကာ ပူးပေါင်းဆောင်ရွက်ရေးကိတ်မုန့်ကြီးကို ပိုမိုကြီးမားအောင်၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား အကောင်အထည်ပေါ်အောင် ဆောင်ရွက်သင့်ကြောင်း ၎င်းက ဆိုသည်။
ဆဋ္ဌမအနေဖြင့် ပြည်သူ့မျှော်လင့်ချက်ကို တုံ့ပြန်ရမည် ဖြစ်သည်ဟု ရှီက ပြောကြားခဲ့သည်။ တရုတ်-အမေရိကန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို အစဉ်အမြဲ အလေးထား ထည့်သွင်းစဉ်စားပြီး နှစ်နိုင်ငံပြည်သူ့အင်အားကို စုစည်းသင့်ကြောင်း၊ တရုတ်-အမေရိကန် နှစ်ဦးနှစ်ဖက်သည် နှစ်နိုင်ငံ လူပုဂ္ဂိုလ် သွားလာမှုနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေး မူဘောင် ပေါင်းကူးတံတားအတွက် လမ်းခင်းပေးရမည် ဖြစ်သလို အနှောင့်အယှက်နှင့် အတားအဆီးများကိုလည်း ဖယ်ရှားရမည် ဖြစ်ရာ “အေးခဲသော သက်ရောက်မှု” ကို လူက ဖန်တီးရမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
သတ္တမအနေဖြင့် နိုင်ငံကြီး တာဝန်ယူမှုကို ပြသရမည် ဖြစ်သည်ဟု ရှီက ပြောကြားခဲ့သည်။ တရုတ်-အမေရိကန် နှစ်နိုင်ငံသည် လူသားမျိုးနွယ်တို့၏ ရှေ့ရေးကံကြမ္မာကို အချိန်နှင့်အမျှ ချင့်ချိန် စဉ်းစားသင့်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် တာဝန်ယူမှု၊ တစ်ကမ္ဘာလုံးအတွက် ပြည်သူ့ထုတ်ကုန် ပံ့ပိုးမှု၊ ကောင်းမွန်သည့် အပြန်အလှန် ဆက်ဆံမှုနှင့် အပြန်အလှန် အင်အားပြုန်းတီးမှု၊ အခြားနိုင်ငံအား ဘက်ရွေးချယ်ရပ်တည်ရန် ခြိမ်းခြောက်မှု မပြုခြင်း အပါအဝင် ကမ္ဘာ့သွေးစည်းညီညွတ်ရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ရှီကျင့်ဖိန်က “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ခွဲထွက်မှုလုပ်ရပ်များသည် ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေးနှင့် လုံးဝကိုက်ညီမှုမရှိဟု အလေးပေးပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးကို ထိန်းသိမ်းလိုပါက လိုက်ချင်းသဲနှင့် ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) အာဏာပိုင်များ၏ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ပင်ကိုယ်စရိုက်ကို အဓိက ရှင်းရှင်းလင်းလင်း သိရှိထားရမည်ဖြစ်ကြောင်း၊ ထိုင်ဝမ်ပြဿနာကို အထူး သတိကြီးစွာ စီမံကိုင်တွယ်ကာ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရမည်ဖြစ်သလို တရုတ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို ထောက်ခံရမည်ဖြစ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
အလားတူ တရုတ်နိုင်ငံက ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်သည် ဟူသော အဆိုမှာ အထောက်အထားမရှိသလို အကြောင်းပြချက်လည်း မရှိကြောင်း၊ တရုတ်နိုင်ငံ ကိုယ်၌ကလည်း နိုင်ငံတကာ ဆိုက်ဘာတိုက်ခိုက်မှုဒဏ် ခံရသူဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှု မည်သည့်ပုံစံကိုမဆို အစဉ်အမြဲ ဆန့်ကျင်နှိမ်နှင်းလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ် ပိုင်နက် အချုပ်အခြာအာဏာနှင့် ပင်လယ်သမုဒ္ဒရာဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို အခိုင်အမာ ထိန်းသိမ်းကာကွယ်ထားကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများကြား ဆွေးနွေးညှိနှိုင်းခြင်းသည် တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားမှုများကို စီမံထိန်းချုပ်ရန် အမြဲတစေ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် နန်ရှားကျွန်းစုကျောက်တန်းများဆိုင်ရာ နှစ်နိုင်ငံအငြင်းပွားမှုတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း၊ ရန်စလှုံ့ဆော်မှုများကို ခွင့်ပြုခြင်း၊ ပံ့ပိုးခြင်းမပြုသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းအရေးနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များသည် အမြဲတမ်း ရိုးသားပွင့်လင်းကြောင်း၊ ဆိုလိုသည်မှာ နှစ်ဖက်ကြား ကြားဝင်ညှိနှိုင်းပေးခြင်း၊ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများကို တွန်းအားပေးခြင်း၊ ငြိမ်းချမ်းရေးအတွက် သွားလာလှုပ်ရှားနေခြင်း၊ တင်းမာမှု အခြေအနေ လျော့ကျရေးအတွက် တွန်းအားပေးရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ကိုရီးယားကျွန်းဆွယ်တွင် စစ်ပွဲနှင့် မငြိမ်မသက်မှုများ ဖြစ်ပွားသည်ကို တရုတ်နိုင်ငံက ခွင့်မပြုကြောင်း၊ တရုတ်နိုင်ငံ၏ မဟာဗျူဟာလုံခြုံရေးနှင့် အဓိက အကျိုးစီးပွားများ ခြိမ်းခြောက်ခံရခြင်းကို လျစ်လျူရှုမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘိုင်ဒန်က အမေရိကန်-တရုတ် ဆက်ဆံရေးသည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံး နှစ်နိုင်ငံဆက်ဆံရေးအနေဖြင့် နှစ်နိုင်ငံပြည်သူများနှင့် သက်ဆိုင်သည်သာမက ကမ္ဘာကြီး၏ အနာဂတ်နှင့်ပါ သက်ဆိုင်နေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကို ပဋိပက္ခအဖြစ်သို့ မပြောင်းလဲစေရေး အာမခံရန်မှာ နှစ်နိုင်ငံပြည်သူများနှင့် ကမ္ဘာကြီးအပေါ် အမေရိကန်-တရုတ် နှစ်နိုင်ငံ အစိုးရများမှ ထမ်းဆောင်ရမည့် တာဝန်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် လေးနှစ်အတွင်း အမေရိကန်-တရုတ် နှစ်နိုင်ငံသည် သံတမန်ရေးနှင့် လုံခြုံရေးအဖွဲ့များကြား ပုံမှန် မဟာဗျူဟာမြောက် ဆက်သွယ်ဆွေးနွေးမှုများ ထိန်းသိမ်းထားခြင်း၊ ပွင့်ပွင့်လင်းလင်း နက်နက်ရှိုင်းရှိုင်း ဆွေးနွေးပွဲများ ကျင်းပခြင်း အပါအဝင် တွေ့ဆုံဆွေးနွေးရေးနှင့် ဆက်သွယ်ရေး လမ်းကြောင်းသစ်များ ပြန်လည်ထူထောင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်းများ အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ နှစ်ဖက်အကြား အပြန်အလှန်နားလည်မှု တိုးမြှင့်ရေးအတွက် အကျိုးဖြစ်စေခဲ့ကြောင်း၊ အထူးသဖြင့် လွန်ခဲ့သည့်တစ်နှစ်က ဆန်ဖရန်စစ္စကို တွေ့ဆုံဆွေးနွေးမှုမှစ၍ နှစ်ဖက်စလုံးသည် စစ်ရေး၊ မူးယစ်တားမြစ်တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဉာဏ်ရည်တု(AI)၊ ရာသီဥတုပြောင်းလဲမှု၊ လူမှုယဉ်ကျေးမှု ဖလှယ်မှု စသည့်နယ်ပယ်များတွင် လက်တွေ့အောင်မြင်မှုရလဒ်များ ရရှိခဲ့ကြောင်း၊ အမေရိကန်နှင့် တရုတ်တို့သည် ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးနှင့် G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ကြီးမှူးကျင်းပရန် အပြန်အလှန် ထောက်ခံအားပေးကြရာ အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပြည်သူများအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်သည်ကို ပြသခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်နိုင်ငံသည် “စစ်အေးတိုက်ပွဲသစ်” ကို ရှာဖွေကြိုးပမ်းမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ စနစ်ကို ပြောင်းလဲရန် ကြိုးပမ်းမည် မဟုတ်ကြောင်း၊ မဟာမိတ်ဆက်ဆံရေးကို ခိုင်မာအားကောင်းစေခြင်းဖြင့် တရုတ်နိုင်ငံကို ဆန့်ကျင်ရန် ကြိုးပမ်းမည် မဟုတ်ကြောင်း၊ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” ကို ထောက်ခံမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ပဋိပက္ခ ဖြစ်ရန် ရှာဖွေကြိုးပမ်းမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်ရန် ထိုင်ဝမ်အရေးကို အသုံးချမည် မဟုတ်ကြောင်း၊ အမေရိကန်နိုင်ငံသည်လည်း တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ဆက်လက်လိုက်နာကျင့်သုံးမည်ဖြစ်ကြောင်း၊ အကူးအပြောင်းကာလတွင် အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများကို အားဖြည့်ဆောင်ရွက်ပြီး အပြန်အလှန် နားလည်မှုများကို တိုးမြှင့်ကာ မတူကွဲပြားမှုများကို တာဝန်သိစွာ စီမံထိန်းချုပ်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ref, Xinhua