၁၇. ၁၁. ၂၀၂၄
Written by Nay Moe
BNRA ဦးဆောင်မှုဖြင့် နိုဝင်ဘာ ၁၁ ရက်က ဝင်ရောက်စီးနင်းပြီး ၁၄ ရက်နေ့တွင် ဆုတ်ခွာခဲ့ရသော ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်သုံပန်း ၂၅ ဦး ဖမ်းမိသော်လည်း PDF ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီခွဲအချိန်ခန့်မှစ၍ ပုလဲမြို့သိမ်းစစ်ဆင်ရေးကို စတင်ခဲ့ရာစစ်ဆင်ရေးစတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် ပုလဲမြို့ပေါ်ရှိ မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
ထို့နောက် နမခ ၊ တံတားဦးလေတပ်၊ ရှမ်းတဲလေတပ်၊ မကွေးကလခ တို့မှ လေကြောင်းပစ်ကူအခေါက်ရေ (၇၀) ကျော် ပစ်ကူပေး၍ စစ်ဆင်ရေးအတွင်း BNRA မှ ၉ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရပြီး GZA မှ ၁ ဦး ရှိခဲ့သည်ဟုဆိုသည်။
မြေပြင်စစ်ကူဖြတ်တောက်ခြင်းလုပ်ငန်းများကို အဘက်ဘက်မှပြင်ဆင်နိုင်ခဲ့သော်လည်း ဝေဟင်ဖြင့်တပ်အင်အား စစ်ကူချခြင်း၊ ဝေဟင်မှ ပစ်ကူပေးခြင်းများကို ဖြတ်တောက်ရန်ခက်ခဲသောကြောင့် နိုဝင်ဘာလ ၁၄ ရက် စစ်ဆင်ရေးစတုတ္ထရက်မြောက်ညနေပိုင်းတွင် ပုလဲမြို့ပေါ်မှ ပြန်လည်ဆုတ်ခွာပေးခဲ့ရသည်ဟုလည်း ပြောသည်။
ပုလဲမြို့သိမ်းစစ်ဆင်ရေးအတွင်းတွင် သုံ့ပန်း (၂၅) ဦးထိန်းသိမ်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းလျှက်ရှိကြောင်း “အများစုမှာ ဘန်ကာအတွင်း လက်ပစ်သီး” ထည့်ခံရသည့် ထိခိုက်ဒဏ်ရာများကြောင့် ဆေးကုသမှုခံရလျက်ရှိကြောင်း စစ်ဆင်ရေးအတွင်း MA1 (၅)လက် ၊ MA2 (၂)လက်၊ MA3 (၄)လက်၊MA4ထောက်တွဲ (၁) လက်၊ G3(၆)လက်၊ G4(2)လက်၊ ပစ္စတို MA5 (၁)လက်၊ M9ဗုံးသီး (၆၀)လုံး၊ လက်ပစ်ဗုံး (၂)လုံး ၊ တိုက်မိုင်း (၃)လုံး၊ နင်းမိုင်း (၁)လုံး၊ လက်ပစ်စနစ်တံ (၆)ခု၊ တိုက်မိုင်ဖြူး (၃)ခု၊ G3ကျည်နှင့် ကပစ ၅ ဒသမ ၅၆ကျည် အများအပြား၊ G3 ကျည်ဘောက်အပို (၄)ဘောက်၊ MA အပိုကျည်ဘောက် (၂၉ ) ဘောက် တို့ကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း ပြောသည်။
ပုလဲမြို့သိမ်းစစ်ဆင်ရေးကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) မှ ဦးဆောင်၍ အညာညီနောင်ဖြစ်သော Generation Z Army (GZA) နှင့် ရေစကြိုမှ Southern Yesagyo (SYSO) တို့ စနစ်တကျလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။