၁၇.၁၁.၂၀၂၄
Written By Zun
ထိုင်းနိုင်ငံမှ ၁၈ ဘီးကုန်တင်ကားပေါ် တရားမဝင်ပုန်းခိုလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၈ ဦးကို ထိုင်းအာဏာပိုင်များက ပူးပေါင်းအဖွဲ့နှင့် မဲဆောက် အဝင်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အဖမ်းခံရသူများမှာ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦးဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ရရာအလုပ်ကို လုပ်ကိုင်ရန် အဆိုပါ ကုန်ကားပေါ်တွင် ယာဉ်မောင်းနှင့် အပေးအယူလုပ်ကာ ပုန်းခိုလိုက်ပါလာကြခြင်းဖြစ်ကြောင်း ထိုင်း အာဏာပိုင်များ ပြောပြချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများက ဖော်ပြကြသည်။
ယမန်နေ့ ညနေ ၃ နာရီခန့်အချိန်က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မြဝတီဘက် ပစ္စည်းသွားပို့ပြီး ထိုင်း-မြန်မာ အမှတ် (၂) တံတားပေါ်ဖြတ်သန်းမောင်းနှင်လာသော ထိုင်းကုန်တင်ကားပေါ်တွင် အဆိုပါ ၈ ဦးမှာ ပုန်းခိုလိုက်ပါလာကြခြင်း ဖြစ်ကြောင်း ထိုင်းဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား (၈) ဦး၊ ယင်းတို့ကို ကုန်တင်ကားဖြင့်တင်လာသည့် ထိုင်းနိုင်ငံသား ယာဉ်မောင်း၊ တင်ဆောင်လာသည့် ကုန်တင်ကားတို့ကို မဲဆောက်ရဲစခန်းတွင်ထိန်းသိမ်း၍ ထိုင်း ဥပဒေအရ အမှုဖွင့်အရေးယူရန် လုပ်ဆောင်နေကြောင်း သိရသည်။
Sources- matichon news