MT News
၁၇. ၁၁. ၂၀၂၄
မြန်မာ့နိုင်ငံမှ ထွက်ရှိသော နာနတ်သီးကို တရုတ်နိုင်ငံသို့ ယခုလမှ စတင် တင်ပို့နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်။
မကြာသေးမီက မြန်မာနိုင်ငံမှ လတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary) သတ်မှတ်ချက်များဆိုင်ရာ ကြေညာချက်” ကို တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်အရ နိုဝင်ဘာ ၁၁ ရက်မှ စတင်၍ သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ့နာနတ်သီးများသည် အခြားနိုင်ငံက နာနတ်သီးများနှင့် မတူဘဲ တမူထူးခြားသော သစ်သီးမွှေးရနံ့ရှိပြီး အသီးအရသာမှာလည်း ချိုချဉ် လတ်ဆတ်ပြီး အရည်ရွှမ်းသောကြောင့် စားသုံးသူများစွာကို အလွယ်တကူဆွဲဆောင်နိုင်ခဲ့သည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ပြောသည်။