၁၇.၁၁.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ပြည်လမ်း ဂေါက်သီးလုံးမီးပွိုင့်တွင် နိုဝင်ဘာ ၁၆ ရက် ၅ နာရီခွဲခန့်က TOYOTA RAV -4 ကားတစ်စီးအင်ဂျင်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
ဖြစ်စဥ်မှာ မင်္ဂလာဒုံဘက်မှ အင်းစိန်ဘက်သို့မောင်းနှင်လာသော TOYOTA RAV -4 အမျိုးအစား မော်တော်ယာဥ်တစ်စီးမှာ မောင်းနှင်လာစဥ် အင်ဂျင်အပူလွန်ကဲပြီး အတွင်းရှိ ဝါယာကြိုးများ ပူးကပ်၍ မီးပွားထွက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုမှာ ၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အရှေ့လေကာမှန်၊ အရှေ့မီးသီး၊ ဘတ္ထရီ ၂ လုံး၊ ဒက်ရှ်ဘုတ်တို့ မီးလောင်ခဲ့ကြောင်း၊ မီးလောင်မှုကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး၊ သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးကျော်ဖြင့် ငြိမ်းသတ်ခဲ့ကြောင်း သိရသည်။