၁၆.၁၁.၂ဝ၂၄
Written by K Pyay Thein
ယခု တန်ဆောင်တိုင်ပိတ်ရက်ကာလမှာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူသောင်းနဲ့ချီ အများအပြားဝင်ရောက်ခဲ့တယ်လို့ ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။
ဒါ့အပြင် ပုံမှန်ကာလတွေဆိုပါကလည်း နေ့စဉ်ကျိုက်ထီးရိုးဘုရားကို လာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးပြည်သူတွေဟာ ထောင်နဲ့ချီပြီးရှိနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနေ့က တန်ဆောင်တိုင်လပြည့်နေ့မှာ တောင်ပေါ်မှာ အတော်လေးစည်တယ်။ ဘုရားဖူးတွေအများကြီးလာကြတာကို တွေ့ရတယ်။ တောင်ပေါ်ရော၊ ရင်ပြင်တော်မှာပါ လူတွေအပြည့်ဖြစ်သွားတယ်။ ပြီးခဲ့တဲ့သီတင်းကျွတ်ရော၊ အခုတန်ဆောင်တိုင်ရော ဘုရားဖူးတွေနဲ့ ကျိုက်ထီးရိုးက အတော်လေးစည်ကားတယ်လို့ ပြောရင်ရပါတယ်။ မနေ့က လပြည့်နေ့ဆိုရင် လူဦးရေကအတော်လေးများမယ်ထင်တယ်။ တောင်တက်ကားဂိတ်တွေမှာတောင် တိုးနေရတယ်ပြောပါတယ်။ တောင်ပေါ်က စားသောက်ဆိုင်တွေ၊ တည်းခိုရိပ်သာတွေ၊ ဟိုတယ်တွေမှာအကုန်ဧည့်သည်အပြည့်နီးပါးရှိခဲ့ပါတယ်”လို့ ကျိုက်ထီးရိုးတောင်တန်းဒေသမှာရှိတဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက MT News ကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာခဲ့တဲ့ PDF တွေ ကျိုက်ထီးရိုးဘုရားမှာ ရောက်နေတယ်ဆိုတဲ့ သတင်းတွေဟာလည်း ဟုတ်မှန်ခြင်းမရှိသလို မွန်ပြည်နယ်၊ ကျိုက်ထိုမြို့မှာတည်ရှိတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ကို အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ နေ့စဉ်ပုံမှန်လာရောက်ဖူးမြော်နေကြပြီး နယ်မြေဒေသ အခြေအနေတွေကလည်း အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ရှိနေတယ်လို့ ကျိုက်ထီးရိုးတောင်ကြောပေါ်မှာသီတင်းသုံးနေထိုင်တဲ့ ဆရာတော်တစ်ပါးက ဆက်လက်မိန့်ကြားပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲ့ကတော့ ယခုတန်ဆောင်တိုင်ပိတ်ရက်ကာလအတွင်း ဘုရားဖူးပြည်သူ ၃ဝဝဝဝ နီးပါးခန့်လာရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားတာကို ဒေသတွင်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
ဒါ့အပြင် ယခုတန်ဆောင်တိုင်ကာလအတွင်း ကျိုက်ထီးရိုးစေတီတော် အပါအဝင် မြန်မာနိုင်ငံအတွင်းက ပင်လယ်ကမ်းခြေဒေသတွေဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင်နဲ့ တောင်ကြီးတန်ဆောင် တိုင်ပွဲတော်ကို ပြည်တွင်းခရီးသွားတွေအများအပြားသွားလာခဲ့ကြတယ်လို့လည်း ခရီးသွားဝန်ဆောင်မှုအေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
“ညီမတို့သူငယ်ချင်းအဖွဲ့က အစက ချောင်းသာဘက်ကိုသွားမလို့စီစဉ်ထားကြတာပါ။ချောင်းသာမှာ ဟိုတယ်တွေအကုန်ပြည့်နေတယ်ဆိုလို့ ကျိုက်ထီးရိုးဘက်ကိုပဲ ခရီးသွားဖို့ ရွေးချယ်ဖြစ်ခဲ့တာပါ။ ကျိုက်ထီးရိုးဘက်မှာလည်း အတော်လေးစည်ပါတယ်။ လမ်းခရီးလည်းအေးချမ်းပါတယ်။အခုတော့ ရန်ကုန်ပြန်ရောက်ပါပြီ။ ကျိုက်ထီးရိုးတောင်တက်ကားတောင် လူတွေ တအားများနေလို့ မနည်းတိုးစီးခဲ့ရပါတယ်”လို့ ရန်ကုန်မြို့ကနေ ကျိုက်ထီးရိုးဘုရားကို သွားရောက်ဖူးမြော်ခဲ့သူတစ်ဦးက MT News ကို ဆက်လက် ပြောပြခဲ့ပါတယ်။
လက်ရှိမှာ ကျိုက်ထီးရိုးတောင်တန်းဒေသဟာ အေးချမ်းတည်ငြိမ်စွာရှိနေတဲ့ အတွက် ဘုရားဖူးပြည်သူတွေအနေနဲ့ စိုးရိမ်စိတ်မရှိဘဲ လာရောက်ဖူးမြော်နိုင်တယ်လို့လည်း ကျိုက်ထီးရိုးတောင် တန်းဒေသက ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ ဖိတ်ခေါ်နှိုးဆော်မှုတွေလည်းရှိထားတာဖြစ်ပါတယ်။
ပုံစာ – ယခုတန်ဆောင်တိုင်ပိတ်ရက်ကာလမှာ ကျိုက်ထီးရိုးစေတီတော်သို့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေလာရောက် ဖူးမြော်ကြစဉ်။