◾ စည်းကမ်းမလိုက်နာတဲ့ ယာဉ်မောင်းတွေကို YRTC က Smart Card နဲ့ ကညနလိုင်စင်ဖျက်သိမ်းမယ်
၁၆.၁၁.၂ဝ၂၄
Written by K Pyay Thein
ယခင်နှစ်က YBS ယာဉ်ဘေးတံခါးဖွင့်မောင်းနှင်လို့ ခရီးသည်ပြုတ်ကျသေဆုံးမှု(၆)ကြိမ်နဲ့ ယခုနှစ်မှာလည်း ခရီးသည်ပြုတ်ကျသေဆုံးမှု (၃)ကြိမ်အထိရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံကနေ သိရပါတယ်။
ဒါ့အပြင် စည်းကမ်းမလိုက်နာတဲ့ ယာဉ်မောင်းတွေကို YRTC က Smart Card နဲ့ ကညနလိုင်စင် ဖျက်သိမ်းတာတွေကိုလည်း ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
“စည်းကမ်းမဲ့ မဆင်မခြင် မောင်းနှင်တာတွေရှိလာရင် YRTC က ယာဉ်မောင်း Smart Card ကို ဖျက်သိမ်းပါမယ်။ နောက် ကညန ယာဉ်မောင်းလိုင်စင်ကိုလည်း အချိန်ကာလတစ်ခု အထိ သတ်မှတ်ပြီး ပိတ်သိမ်းအရေးယူသွားမှာဖြစ်ပါတယ်”လို့ YRTC က တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
YRTC ရဲ့မှတ်တမ်းတွေအရ ယခုလပိုင်းအတွင်းမှာ မီးနီဖြတ်မောင်းသူ (၁၁)ဦး၊ ယှဉ်ပြိုင်ကျော်တက်သူ (၁၉)ဦး၊ မီးပွိုင့်မှာ လူ တင်/ချသူ (၃)ဦး၊ ဘေးတံခါးဖွင့်မောင်းသူ (၄၇)ဦး၊မှတ်တိုင်မှာ စနစ်တကျမရပ်သူ(၃) ဦး၊ မှတ်တိုင်မှာ အချိန်ကြာမြင့်စွာရပ်သူ (၇) ဦး၊ သတ်မှတ်စတစ်ကာမပါသူ (၁)ဦး၊ကီလိုကျော်အရှိန်ပြင်းစွာမောင်းနှင်သူ (၇)ဦးနဲ့
ဘရိတ်စောင့်နင်းသူ (၂)ဦး စုစုပေါင်းစည်းကမ်းဖောက်ဖျက် YBS ယာဉ်မောင်း (၁၀၀)ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။
YBS ယာဉ်တွေ အချင်းချင်းကျော်တက်မောင်းနှင်မှု၊ လမ်းပြောင်းပြန် မောင်းနှင်မှုအပါအဝင် မီးနီဖြတ်သန်းမောင်းနှင်မှုနဲ့ သတ်မှတ်ကီလိုထက် ကျော်လွန် မောင်းနှင်မှုတို့ကို YRTC က လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ရန်ကုန်မြို့မှာ YBS ခရီးသည် ၁ ဒသမ ၅ သန်းခန့်ကို ယာဉ်မောင်း ၄၀၀၀ ဦးခန့်က နေ့စဉ်ပို့ဆောင်ပေးနေပြီး YBS ယာဉ်မောင်းတွေရဲ့စည်းကမ်းဖောက်ဖျက်မှုကို YRTC က Traffic Control Center မှ နည်းပညာမြင့် Telematics စက်တွေ CCTV record တွေနဲ့ မှတ်တမ်းရယူပြီး အရေးယူနေတယ်လို့ သိရပါတယ်။