၁၆. ၁၁. ၂၀၂၄
Written by Nay Moe
မုံရွာမြို့က နဝရတ်ရွှေဆိုင်ကို ဓားပြတိုက်မှုမှာ ပါဝင်တဲ့ PDF အမျိုးသမီးက လာရောက် အဖမ်းခံထားတယ်လို့
မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က အခု ထုတ်ပြန်လာပါတယ်။
ဖြစ်စဥ်က စက်တင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မြဝတီရပ်ကွက်မှာရှိတဲ့ နဝရတ် စိန်၊ ပလက်တီနမ်ရတနာဆိုင်ကို စျေးဝယ်ဟန်ဆောင်ပြီး ရောက်လာတဲ့ PDF ငါးဦးက ဓားပြတိုက်ကာ ဆိုင်ရှိ စိန်ရွှေရတနာပစ္စည်းတွေအကုန် လုယက်သွားကြတာလို့ပါ။
CCTV မှတ်တမ်းမှာ မျက်နှာဖုံးအုပ်ထားပြီး သေနတ်ကိုင်ထားတဲ့ PDF အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ဟာ ဆိုင်ကယ် ၂ စီးနဲ့ရောက်လာပြီး ဆိုင်ထဲကို ဈေးဝယ်သလိုဟန်ပြပြီး သေနတ်ပြခြိမ်းခြောက်ကာ ဓားပြတိုက်သွားတာဖြစ်တယ်လို့ သိရပြီး ဒီဓားပြမှုမှာ ဖုန်း(၅)လုံး၊ Laptop(၁)လုံးနဲ့ အိမ်ရှိ စိန်၊ ရွှေ၊ ပလက်တီနမ် အတွင်းပစ္စည်းအကုန် လုယက်သွားတယ်လို့ သိရပါတယ်။
ဒီဓားပြတိုက်မှုနဲ့ ပတ်သက်ပြီး မုံရွာပလဖအဖွဲ့က အောက်တိုဘာ ၁၅ ရက်မှာ နဝရတ်ရွှေဆိုင်ဓားပြမှုက တရားခံ PDF သုံးဦးဖြစ်တဲ့ ဗလ(ခေါ်) သန်းကျော်အေး အသက် (၂၉)နှစ်၊ ဇီးကွက်(ခေါ်) ကျော်ထက် အသက် (၂၄)နှစ်၊ ရှမ်းလေး(ခေါ်)ရန်မျိုးနိုင် အသက်(၃၇)နှစ် တို့ကို ဖမ်းမိခဲ့ပြီး ဒီနေ့မှာတော့ တရားခံ PDF အမျိုးသမီးတစ်ဦးဖြစ်တဲ့ မေလရောင်(ခေါ်)အမွှေစိန် အသက်(၂၂)၊ အဘအမည်-ဦးခိုင်လင်းက မုံရွာပလဖထံ လာရောက်အဖမ်းခံခဲ့တာပါ။ လက်ရှိမှာတော့ မုံရွာပလဖက ကျန်တဲ့တရားခံတစ်ဦးကိုပါ လာအဖမ်းခံဖို့ သတိပေးထားပါတယ်။
ဒီအမှုကို ကျုးလွန်တာက NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က PDF တွေဖြစ်ပြီး ဖော်ထုတ်ဖမ်းဆီးတာက NUG ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်က PDF တွေပါ။ မုံရွာပလဖဟာ တရားခံလေးဦးကို ဖမ်းမိထားတာ တစ်လကျော်လာပေမဲ့ PDF တွေ ဓားပြတိုက်လုယက်သွားတဲ့ ဖုန်း(၅)လုံး၊ Laptop(၁)လုံးနဲ့ အိမ်ရှိ စိန်၊ ရွှေ၊ ပလက်တီနမ် အတွင်းပစ္စည်းအကုန် လုယက်မှုကို နဝရတ်ရွှေဆိုင်ထံ ပြန်မပေးသေးသလို တရားခံတွေနဲ့ပတ်သက်ပြီး တပ်ရင်း၊ တပ်ဖွဲ့အမည်ဆက်လက်မထုတ်ပြန်ရုံတင်မက ဓားပြတွေက PDF တွေလို့ မှတ်ချက်ပေးတာတွေကိုလည်း ဖျက်ပစ်နေတာ တွေ့ရပါတယ်။