၁၆. ၁၁. ၂၀၂၄
Written by Nyein Kyaw
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ ခုနစ်လအတွင်း မြန်မာနိုင်ငံအနေဖြင့် ဒေါ်လာ ၂၂၆ ဒသမ ၀၈၁ သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၃ ခုသာ ခွင့်ပြုထားနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။
ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ခြင်း အပါအဝင် ဒေါ်လာ ၈၇ ဒသမ ၇၁၅ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ခြင်း အပါအဝင် ဒေါ်လာ ၈၄ ဒသမ ၂၅၂ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၈ ခု၊ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့မှုအပါအဝင် ဒေါ်လာ ၈ သန်းခွဲ တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု ခွင့်ပြုပေးခဲ့သည်။
မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ခြင်း ဒေါ်လာ ၁ ဒသမ ၀၈၈ သန်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးချဲ့ခြင်းအပါအဝင် ဒေါ်လာ သုည ဒသမ ၅၂၅ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုနှင့် ဝန်ဆောင်မှုလုပ်ငန်းတွင် ဒေါ်လာ ၄၄ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု ၁ ခု ထပ်မံခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပဋိပက္ခများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်ခွာခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုများလည်း တုံ့ဆိုင်းခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပျမ်းမျှတစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလျံနီးပါးသာ ခွင့်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုပေးထားသည့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃ ဒသမ ၈ ဘီလျံနီးပါး၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကြားကာလခြောက်လတွင် ဒေါ်လာသန်း ၆၄၀ ကျော်၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁ ဒသမ ၆ ဘီလျံကျော်နှင့် ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၆၆၀ ကျော် ခွင့်ပြုပေခဲ့ခြင်းဖြစ်သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ အထူးစီးပွားရေးဇုန် ဥပဒေအရ ခွင့်ပြုပေးခဲ့သည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်ထားမှုအပါအဝင် စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဒသမ ၆၀၆ ဘီလျံဝင်ရောက်ထားကြောင်း DICA မှ သိရသည်။