November 16, 2024
photo_2024-11-16_15-41-41

၁၆. ၁၁. ၂၀၂၄
Written by Nyein Kyaw

ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်နိုင်ငံအစိုးရများကြား အစိုးရချင်းသဘောတူညီမှု (G to G) စနစ်ဖြင့် ဆန်တန်ချိန် ၂ သိန်း တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ ညှိနှိုင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ တင်ပို့နိုင်ရေးအတွက် “မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်း တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး” အား နိုဝင်ဘာလ ၁၃ ရက်တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ရာ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ Ministry of Food မှ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၂ သိန်း ထပ်မံတင်ပို့နိုင်ရန် အရောင်းအဝယ်စာချုပ် (Sale Contract) စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ဈေးနှုန်းဆိုင်ရာကိစ္စရပ်များအား အသေးစိတ်ညှိနှိုင်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်သို့ အစိုးရချင်းသဘောတူညီမှု (G to G)ဖြင့် ဆန်တင်ပို့မှုကို ၂၀၁၇ ခုနှစ်တွင် ပထမဆုံးစာချုပ်ချုပ်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၂၀၂၂ ခုနှစ်တွင် တတိယအကြိမ် စာချုပ်ချုပ်ခဲ့သည်။ အဆိုပါ စာချုပ်ချုပ်ဆိုမှုများကိုလည်း မြန်မာနိုင်ငံဘက်မှ အပြည့်အဝ တင်ပို့ထားနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စာချုပ်ချုပ်ဆိုမှုအရ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ့ဆန်တင်ပို့ရာတွင် တရုတ်ယွမ်ဖြင့် တင်ပို့ခွင့်ပြုထားပြီး FOB ဈေးနှုန်း တစ်တန်လျှင် တရုတ်ယွမ် ၂၇၈၈ ဒသမ ၅၆ ယွမ်ဖြင့် တန်ချိန်နှစ်သိန်း တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *