၁၆.၁၁. ၂၀၂၄
Written by Shwe Phyo
ထိုင်းရဲတပ်ဖွဲ့သည် မြန်မာနိုင်ငံမှ အသက် ၁၀ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးကို လူကုန်ကူးရန်ကြိုးပမ်းသော ထိုင်းနိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးကို ပြီးခဲ့သောရက်ပိုင်းက ချွန်ဘူရီပြည်နယ်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ထိုင်းနိုင်ငံသားနှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးသည် ၁၀ နှစ်အရွယ်ရှိ မြန်မာမိန်းကလေးကို ၎င်းတို့၏ကျွန်အဖြစ် ခိုင်းစေရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ချွန်ဘူရီပြည်နယ် အာဏာပိုင်များပူးပေါင်းပြီး အသက် ၆၅ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ပွန်တစ်၊ အသက် ၅၀ အရွယ်ရှိ ဆာမန်တို့အပြင် မြန်မာအမျိုးသမီး နော်သာသာရီတို့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် ထိုင်းနိုင်ငံသားနှစ်ဦးနှင့် မြန်မာအမျိုးသမီးတို့ကို အသက် ၁၅ နှစ်အောက် အရွယ်ရှိ ကလေးငယ်များကို လူကုန်ကူးအမြတ်ထုတ်ရန် ကြိုးပမ်းမှုများဖြင့် စွဲချက်တင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့သည် ချွန်ဘူရီပြည်နယ်ရှိ သုသာန်တွင် အသက် ၁၀ နှစ်အရွယ်ရှိ မြန်မာမိန်းကလေး အိပ်နေသည်ကိုတွေ့မြင်ခဲ့ပြီးနောက် ဖေဖော်ဝါရီလတည်းက အဆိုပါလူကုန်ကူးမှုကို စတင်စုံစမ်းစစ်ဆေးခဲ့ပြီး လက်ရှိအချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက် ၁၀ နှစ်အရွယ် မြန်မာမိန်းကလေး၏ ခန္ဓာကိုယ်တွင် ဒဏ်ရာအနာတရများကို တွေ့ရှိခဲ့ပြီး ထိုင်းလူမူဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးရုံးတာဝန်ရှိသူများက ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီး နော်သာသာရီသည် အဆိုပါကလေးငယ်ကိုမွေးစားမည်ဟု အကြောင်းပြကာ ကလေးငယ်၏မိဘများထံမှ ၂၀၂၂ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးနောက် ကလေးငယ်ကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ကာ လူကုန်ကူးခဲ့ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့ကပြောသည်။ နော်သာသာရီသည် ကလေးငယ်ကို ဆာမတ်ပရာကန်ပြည်နယ်ရှိ အသက် ၅၀ အရွယ် ဆာမန်၏အိမ်ကို အိမ်အကူလုပ်ကိုင်စေရန် ပို့ဆောင်ခဲ့ပြီးနောက် အသက် ၆၅ နှစ်အရွယ်ရှိ ပွန်တစ်၏အိမ်ကို ထပ်မံပို့ဆောင်ခဲ့ကြောင်း သိရသည်။
အသက် ၁၀ နှစ်အရွယ်ရှိမြန်မာမိန်းကလေးငယ်က ၎င်းသည် အမှားလုပ်မိပါက အခန်းထဲတွင် သော့ခတ်ပိတ်လှောင်ခြင်းများခံရသလို ရိုက်နှက်ခံရခြင်းများ၊ အစာမစားရဘဲ အပြစ်ဒဏ်ပေးခံရခြင်းများရှိခဲ့ကြောင်း ပြောဆိုထားသည်။ အိမ်ရှင်များက ညှင်းပန်းခံရခြင်းများကြောင့် ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာမိန်းကလေးငယ်က ထုတ်ဖော်ပြောဆိုထားသည်။
REf, thailandnews