၁၆. ၁၁. ၂၀၂၄
Written by Thettant
ရပ်ထားသော ၂၂ ဘီးကုန်တင်ယာဥ်ကို Canter ယာဥ် ဝင်တိုက်ရာက အမျိုးသမီးသုံးဦးသေဆုံးမှု ယနေ့နံနက် အရုဏ်တက်စအချိန်က ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ယနေ့နံနက် ၄ နာရီ ၂၂ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် တောင်ကြီးမှ ပင်ဖြစ်ရွာသို့ မောင်းနှင်လာသော Mitsubishi Canter အမျိုးအစား(၆)ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်တွင် ရပ်ထားသော Hino (၂၂) ဘီး ကုန်တင်ယာဉ်အား ဝင်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား(၄)ဦးနှင့် အမျိုးသမီး (၆)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သော်လည်း အမျိုးသမီး (၃) ဦးသေဆုံးခဲ့သဖြင့် သေဆုံးဒဏ်ရာရရှိသူများကို ရွှေညောင်မြို့၊ မဟာဝီရ ရက္ခိတလူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဥ်ကို တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရွှေညောင်နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မနက် ၆ နာရီအချိန်တွင် ပြီးစီးခဲ့သည်ဟုလည်း သိရသည်။