၁၆.၁၁.၂၀၂၄.
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံ၊ အတ်တာပရာဒက်ရှ်ပြည်နယ်၊ ဂျန်စီမြို့မှာရှိတဲ့ မာဟာရာနီ လက်စ်မီဘိုင်း ဆေးကောလိပ်ဆေးရုံမှာ နိုဝင်ဘာလ ၁၅ ရက် ၁၀ နာရီ ၄၅ မိနစ်လောက်က မီးလောင်ကျွမ်းခဲ့ရာမှာ မွေးကာစ ကလေးငယ် ၁၀ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရကာ အနည်းဆုံး ၃၅ ဦးကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ် ဘရီဂျက်ရှ် ပါတက်က ပြောခဲ့ပါတယ်။
ဆေးရုံရဲ့မွေးကင်းစကလေးငယ်တွေကုသခန်းမှာလည်း မီးအကြီးအကျယ်လောင်ကျွမ်းမှုနဲ့ပျက်စီးခဲ့ရပြီး သေဆုံးရတဲ့ကလေးငယ်တွေမှာလည်း မီးလောင်ကျွမ်းမှုနဲ့ မီးလောင်နေတုံးအသက်ရှုမရဖြစ်ပြီး သေဆုံးခဲ့ကြတာလို့ ဘရီဂျက်ရှ်က ပြောခဲ့ပါတယ်။ ဒဏ်ရာရ ကလေးငယ် ၁၇ ဦးဟာလည်း ကုသမှုတွေခံယူနေရတယ်လို့ သူကပြောခဲ့ပါတယ်။
သူက နိုဝင်ဘာလ ၁၆ ရက်နံနက်မှာတော့ ဂျန်စီမြို့ကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ဆေးရုံအဆောင်ထဲမှာ ကုတင် ၁၈ လုံးသာရှိပေမယ့် ကလေးငယ် ၄၉ ဦးထိရှိနေတယ်လို့ ပြောခဲ့ပါတယ်။သေဆုံးတဲ့ကလေး ဆယ်ဦးအနက် ခုနစ်ဦးကိုတော့ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားသိရှိနိုင်ခဲ့ပြီး သုံးဦးကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။ ဒဏ်ရာရကလေးငယ် ၁၇ ဦးထဲက ၁၀ ဦးကိုတော့ ဆေးကောလိပ်ဆေးရုံ၊ အရေးပေါ် အခန်းမှာကုသပေးနေပြီး ကျန်ခုနစ်ဦးကိုတော့ ပုဂ္ဂလိကဆေးရုံတွေကို တင်ပို့ထားပါတယ်။ ဘရီဂျက်ရှ်က ပုဂ္ဂလိကဆေးရုံတွေမှာ ကုသခံနေတဲ့ကလေးတွေအတွက် ကုန်ကျစရိတ်ကို ပြည်နယ်အစိုးရက အကုန်အကျခံပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ပြည်နယ်အစိုးရ ဝန်ကြီးချုပ် ယိုဂီအဒစ်ရာနတ်က မီးလောင်ကျွမ်းမှုမှာ သေဆုံးခဲ့ရတဲ့ ကလေးငယ်တွေရဲ့ မိသားစုတွေကို ရူပီး ငါးသိန်းစီနဲ့ ဒဏ်ရာကလေးငယ်တွေရဲ့မိသားစုတွေကို ရူပီး ငါးသောင်းစီ ထောက်ပံ့ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။
မာဟာရာနီ လက်စ်မီဘိုင်း ဆေးကောလိပ်မီးလောင်မှုက လျှပ်စီးပတ်လမ်းပြတ်လို့ လောင်ကျွမ်းခဲ့ရတာလို့ ယူဆရပြီး မွေးကင်းစကလေးငယ်တွေကုသခန်းတစ်ခုလုံးကို မီးခိုးတွေဖုံးလွှမ်းနေခဲ့တာပါ။
အတ်တာပရာဒက်ရှ် ပြည်နယ်အစိုးရက ဝမ်းနည်းဖွယ် အဆိုပါ မီးလောင်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုပြုဖို့ အမိန့်ထုတ်ခဲ့ပါတယ်။
Ref- The Hindustan