MT News
Written by Pan Ei
Miley Cyrus ဟာ ခင်ပွန်းဟောင်းဖြစ်သူ Liam Hemsworth ရဲ့ မွေးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ‘Flowers’ လို့ အမည်ရတဲ့ သူမရဲ့ တစ်ကိုယ်တော် သီချင်းသစ်ကို နှစ်နှစ်အတွင်း ပထမဆုံးအနေနဲ့ ဖြန့်ချိတော့မှာပဲဖြစ်ပါတယ်။
၂၀၀၉ ခုနှစ်မှာ The Last Song ရိုက်ကူးနေချိန် စတင်တွေ့ဆုံခဲ့တဲ့ Liam Hemsworth နဲ့ Miley Cyrus တို့ဟာ ၂၀၁၂ ခုနှစ်မှာ စေ့စပ်ခဲ့ကြပြီး နှစ်အတော်ကြာ လမ်းခွဲခဲ့ကြတာပါ။ ၂၀၁၆ ခုနှစ်မှာတော့ သူတို့နှစ်ယောက် ပြန်တွဲခဲ့ကြပြီး ၂၀၁၈ နှစ်ကုန်မှာတော့ လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမယ့် တရားဝင်မင်္ဂလာဆောင်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ Miley တို့စုံတွဲဟာ ၂၀၁၉ နှစ်အကုန်မှာ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်။
Miley က အခုရက်ပိုင်းအတွင်း သူမရဲ့ အင်စတာဂရမ်မှာ “ငါ့ကို ငါပိုချစ်နိုင်တယ်”၊ “ငါ့လက်ကို ငါဆုပ်ကိုင်ထားလို့ရတယ်” နဲ့ “ငါကိုယ်တိုင် ပန်းတွေ ဝယ်နိုင်တယ်” လို့ စတဲ့ Flowers သီချင်းထဲက စာသားတွေနဲ့အတူ သီချင်းထဲကပုံရိပ်တွေကို မျှဝေခဲ့ပါသေးတယ်။
ပရိသတ်တွေကလည်း Miley ရဲ့ သီချင်းသစ်ထွက်ရှိတော့မယ့် ကြေညာချက်နဲ့ပတ်သက်ပြီး စိတ်လှုပ်ရှားနေကြသလို ဂီတလောကထဲကို သီချင်းသစ်နဲ့ ပြန်လည်ဝင်ရောက်လာမယ့် Miley ရဲ့ ပုံရိပ်တွေကိုလည်း မျှော်လင့်စောင့်စားနေကြပါတယ်။Ref; Billboard