၁၆ .၁၁. ၂၀၂၄
Written by Hey Mar
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ မန်ကျည်းစင်ရွာမှာရှိတဲ့ Inle Princess resort ပေါ်ကို နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်းက မီးပုံးပျံပျက်ကျလို့ မီးလောင်ခဲ့ပြီး ဟိုတယ်တစ်ခုလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းအဖွဲ့တချို့ထံကနေ သိရပါတယ်။
ဖြစ်စဉ်က နိုဝင်ဘာ ၁၅ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့တာလို့သိရပြီး ညောင်ရွှေဘက်ကနေ လွှတ်တင်လိုက်တဲ့ မီးပုံးပျံက ဟိုတယ် ပင်မအဆောက်အဦရဲ့ အနောက်ပိုင်းကို ပြုတ်ကျကာ စတင်လောင်ကျွမ်းတာလို့ တောင်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူထံက သိရပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုကို ညောင်ရွှေမြို့နယ် မီးသတ်ဦးစီးဌာနက သွားရောက်ငြှိမ်းသတ်ခဲ့ရာမှာ ည ၁၀ နာရီကျော်အချိန် မီးငြိမ်းခဲ့တယ်လို့သိရှိရပြီး မီးလောင်မှုဖြစ်စဉ်ကြောင့် မီးသတ်နဲ့ ဒေသခံ ပရဟိတ အသင်းအဖွဲ့အပါအဝင်၊ လူထိခိုက်မှု မရှိပေမယ့် ရေနံဝနေတဲ့ သစ်သားဆောင်တွေဖြစ်တာကြောင့် မီးထိန်းနိုင်မှု ခက်ခဲခဲ့ပြီး လောင်ကျွမ်းပျက်စီးဆုံးရှုံးမှု များပြားခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ Inle Princess Resort ကို ၁၉၉၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အင်းသားရိုးရာဓလေ့တွေကို အဓိကထုတ်ဖော်မွမ်းမံကာ ရိုးရာအဆောက်အဦးပေါင်း ၄၆ လုံး ပါဝင်တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ဟိုတယ်အဆောင်အဦဝင်းရဲ့ ၈၅ ရာခိုင်နှုန်းမီးလောင်ကျွမ်းခဲ့ကြောင်း တောင်ကြီးမီးသတ်ဦးစီးဌာနက အတည်ပြုပေးပြီး မီးလောင်ကျွမ်းမှုတန်ဖိုးကို တွက်ချက်စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။