၁၆.၁၁.၂၀၂၄
Written By Thandar
မြန်မာပြည်မှာ ပထမဦးဆုံး အိန္ဒိယဆန်ဆန်ဇာတ်လမ်းမျိုးနဲ့ ရိုမန့်ဆန်ဆန် ဟာသဇာတ်လမ်းပုံစံ “မောင့်ဆိုမီယာ” ရုပ်ရှင်ဇာတ်ကားကြီး Family Show ပွဲကို နိုဝင်ဘာ ၁၅ ရက် ညနေ ၅ နာရီခွဲက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် Time City ရှိ Mega Ace ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“မိဘနဲ့သားသမီး၊ ချစ်သူရည်းစား မတူညီတဲ့ ချစ်ခြင်းမေတ္တာတရားတွေ ခံစားကြည့်ရှုရမှာပါ။ ဒီဇာတ်လေးကို အက်ရှ်ရွဲရ်နဲ့ ထုတ်လုပ်ရေးက ရိုက်မယ်ပြောခဲ့တာမို့ သူ့ရဲ့ Talent ကို သေချာလေ့လာပြီးမှ တကယ်တော့ ဇာတ်ကို ရေးသားဖန်တီးခဲ့တာပါ။ အက်ရှ်ရွဲ့ရ်ကလည်း အကပိုင်းတွေ အဆိုပိုင်းတွေ ကောင်းတယ်လို့လည်း သိထားရတယ်။ ဒီကားက ပြုံးရယ်ရမယ့် Romance Comedy ဇာတ်လေးပါ။ ပရိသတ်သဘောကျမယ့်လို့ မျှော်လင့်ပါတယ်” လို့ ဒါရိုက်တာ ဝင်းလွင်ထက်က ပြောပါတယ်။
ခတ္တိယထုတ်လုပ်ရေးရဲ့ ဒီဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားပြီး ဒါရိုက်တာ အကယ်ဒမီ ဝင်းလွင်ထက်က သရုပ်ဆောင် အကယ်ဒမီမြင့်မြတ်၊ အကယ်ဒမီ ရန်အောင်၊ ဟန်ဇာမိုးဝင်း၊ ဂျိုကာ၊ Ashwarya Kumar၊ ခရစ္စတီးနား၊ မှူးထိပ်ထား၊ ဆွိ၊ အရိုင်း၊ ကေညီ၊ ကောင်းဈာန်ဟိန်း၊ ဇွဲ၊ အောင်ကိုမိုး၊ အင်ကြင်းဖူး၊Essential Crews & Other Dancer Group၊ ဧည့်သည် သရုပ်ဆောင် မေမီကိုကို စတဲ့ သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားပါတယ်။
သားသမီးနဲ့ မိဘကြား ချစ်ခြင်းမေတ္တာရယ်၊ ကောင်လေးတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပျော်ရွှင်စရာ ဇာတ်လမ်းလေးကို ပုံဖော်ထားတာလည်းဖြစ်ပါတယ်။
“မောင့် ဆိုမီယာ” ရုပ်ရှင်ဇာတ်ကားကြီးကို အခုနိုဝင်ဘာလအတွင်း မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံကြီးတွေမှာ မကြာမီ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။