၁၅. ၁၁. ၂၀၂၄
Written by Nyein Kyaw
မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ၎င်းတို့၏ အိမ်ထောင်ဘက်နှင့် သားသမီးများ ငါးနှစ်အတွင်း တရုတ်နိုင်ငံသို့ အကြိမ်များစွာ လာရောက်နိုင်ပြီး ရက်ပေါင်း ၁၈၀ အထိ နေထိုင်နိုင်သော ဗီဇာအမျိုးအစားကို နိုဝင်ဘာ ၁၈ ရက်မှစတင်၍ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ အသိပေးကြေညာထားသည်။
“လန်ချန်း-မဲခေါင်ဗီဇာ” လျှောက်ထားခြင်းဆိုင်ရာ အသိပေးချက်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် လိုအပ်ချက်များနှင့် ကိုက်ညီသော မြန်မာနိုင်ငံစီးပွားရေးကုန်သည်များနှင့် အဆိုပါကုန်သည်များ၏ အိမ်ထောင် ဘက်များနှင့် သားသမီးများအား သက်တမ်းအကြာဆုံး ငါးနှစ်အတွင်း တရုတ်နိုင်ငံသို့ အကြိမ်များစွာ လာရောက်နိုင်သော (Multiple Entry) ဖြင့် အကြာဆုံးရက်ပေါင်း ၁၈၀ အထိ နေထိုင်နိုင်သော သက်ဆိုင်ရာဗီဇာအမျိုးအစားများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ခွင့်ပြုပေးသွားမည်ဖြစ်သည်။
အဆိုပါ ဗီဇာအား လျှောက်ထားလိုသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဖုန်းနံပါတ် – ၀၉-၈၉၄၈၅၃၁၈၈ (ဖုန်းလက်ခံဖြေကြားချိန် – ရုံးတက်ရက် မွန်းလွဲ ၂ နာရီမှ ၆ နာရီအတွင်း) သို့ လည်းကောင်း၊ အီးမေးလ်: [email protected] သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်း တရုတ်သံရုံးမှ အသိပေးကြေညာထားသည်။
မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို၊ ဗီယက်နမ် စသည့် မဲခေါင်ဒေသတွင်းနိုင်ငံငါးခုမှ တရုတ်နိုင်ငံက သတ်မှတ်သည့် အရည်အချင်းပြည့်မီသော စီးပွားရေးလုပ်ငန်းရှင်များကို ငါးနှစ်သက်တမ်းရှိ ဗီဇာထုတ်ပေးမည့် ဆုံးဖြတ်ချက်ကို နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပခဲ့သော အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းအဝေးအတွင်း တရုတ်ဝန်ကြီးချုပ်လီချန်က ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။