၁၅. ၁၁. ၂၀၂၄
Written by Hey Mar
ကားပေါ်ကနေ ပံ့သကူပစ်ချသွားတာကို လမ်းကူးပြီးကောက်တဲ့ သားအမိလေးဦးအနက် အမေဖြစ်သူက ကားတိုက်ခံရပြီး ပြင်းထန်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ပို့လိုက်ရတဲ့ ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၁၅ ရက် ည ၈ နာရီ ကျော်အချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကနောင် နာ/ကူ ရှင်/ကူ အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ် ၊ ၁၄ လမ်းဆုံ ပုလဲလမ်းပေါ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကားပေါ်ကနေ ပံ့သကူ ပစ်ချခဲ့တဲ့ ပိုက်ဆံကို သားအမိ ၄ ယောက်က ကားလမ်းအလယ်ကို သွားအကောက်မှာ
နောက်က Taxi ကားက အရှိန်နဲ့တိုက်တာလို့ သိရပါတယ် ။
ကနောင် နာ/ကူ ရှင်/ကူ အသင်း တာဝန်ရှိသူက ” တိုက်မိတဲ့ အမျိုးသမီးက အဲ့ဒီနားက ကွန်ကရစ်တုံးတွေ လုပ်တဲ့ စက်ရုံက ဝန်ထမ်းလိုင်းခန်းမှာ နေတဲ့ သူလို့ သိရပါတယ် ။ ကားပေါ်က ပစ်ချသွားတာကို မြင်ပြီး လမ်းကူးပြီး ပြေးကောက်တာမှာ နောက်ကမောင်းလာတဲ့ တက္ကစီက တိုက်သွားတာ။ မှောင်ရိပ်လည်း ကျတဲ့နေရာဖြစ်နေတော့ ရုတ်တရက် မမြင်တာထင်ပါတယ်။ ကလေးတွေ ပါလိုက်ကူးတာ။ ကလေးတွေ မတိုက်မိတာ အတော်ကံကောင်းတာ”လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။
တိုက်မိတဲ့ကားက မောင်းနှင်ထွက်ပြေးသွားပြီးဦးခေါင်းထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိထားတဲ့ အဆိုပါအမျိုးသမီးကို ကနောင် နာ/ကူရှင်/ကူအသင်းက မြေပြင်ကုသပေးပြီး အင်းစိန်ဆေးရုံဆီ အမြန်ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။