◾ မောင်နှမသုံးဦး အသက်ဆုံးအောင် ကားတိုက်တဲ့ ခြောက်ဘီးယာဥ်မောင်းက ယာဥ်မောင်းနှင် ထွက်ပြေး
၁၅ .၁၁. ၂၀၂၄
Written by Hey Mar
တန်ဆောင်မုန်း လပြည့်နေ့မှာ မွန်ပြည်နယ်၊ မုဒုံမြို့က ခပ်ရ ခပ်ယူ ဘုရားပွဲတော်လာရောက်လည်ပတ်တဲ့ မောင်နှမသုံးဦး ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး သေဆုံးခဲ့တဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၁၅ ရက် နေ့လယ် တစ်နာရီဝန်းကျင်က မော်လမြိုင် – ရေး အဝေးပြေးလမ်းမကြီးပေါ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က မောင်နှမ သုံးဦးမောင်းနှင်လာတဲ့ဆိုင်ကယ်က မော်လမြိုင် – ရေး အဝေးပြေးလမ်းမကြီးပေါ်ကို ခပ်ရခပ်ယူ ထိုင်တော်မှုဗုဒ္ဓရုပ်ပွား တော်အနီး လမ်းဖြတ်တောလမ်းတစ်ခုကနေ ဖြတ်တက်စဉ်မှာ လမ်းမှန်အတိုင်းမောင်းနှင်လာတဲ့ ခြောက်ဘီးကားနဲ့ တိုက်မိတာလို့ သိရပါတယ်။
ဒေသခံ လူမှုကူညီရေးအသင်း တာဝန်ရှိသူက” အမဖြစ်သူနဲ့ မောင်နှစ်ယောက်၊ အမက ဆိုင်ကယ်မောင်းတာ။ သူက အသက် နှစ်ဆယ်ဝန်းကျင်လို့ ခန့်မှန်းရတယ်။ ကောင်လေးနှစ်ယောက်က ဆယ်ကျော်သက်လေးတွေဖြစ်မယ်။ နှစ်ဦးက နေရာတင်ဆုံးတာ။ ကောင်လေးတစ်ယောက်က ဆေးရုံရောက်ပြီးမှ ဆုံးတာ” လို့ MT News ကို ပြောပါတယ်။
ဖြစ်စဉ်အတွင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း(သံဖြူဇရပ်)၊ စေတနာအလင်းတန်းလူမူကူညီရေးအသင်း(မုဒုံမြို့နယ်၊ လက်တက်ကျေးရွာ)၊ ရွှေရောင်နေ့သစ်လူမှုအထောက်အကူပြုအသင်း(မြိတ်)တို့မှ ပူးပေါင်းကာ မုဒုံမြို့ပြည်သူဆေးရုံကြီးဆီ ကူညီပို့ဆောင်ပေးခဲ့ပြီး ခြောက်ဘီးကုန်တင်ယာဉ်မောင်းက ယာဉ်ကို မောင်းနှင် ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။