၁၅.၁၁. ၂၀၂၄
Written by Shwe Phyo
ထိုင်းစစ်သားများက မြန်မာနိုင်ငံသားတစ်ဦးကို ညှင်းပန်းနှိပ်စက်ကာ ရိုက်သတ်ခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံသားတစ်ဦးသည် ထိုင်းနှင့်မြန်မာနယ်စပ်ဒေသအနီးတွင် ထိုင်းစစ်တပ်၏ ညှင်းပန်းနှိပ်စက်မှုခံရကာ အသတ်ခံခဲ့ရကြောင်း လူ့အခွင့်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Fortify Rights က စွပ်စွဲဝေဖန်ခဲ့ပြီးနောက်ပိုင်း ထိုင်းစစ်တပ်က တုံ့ပြန်လိုက်ခြင်းဖြစ်သည်။
ထိုင်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် သာနာသစ် ဆာဝါဆမ်က “ကျွန်တော်တို့ဟာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်။အချက်အလက်တွေကို ရှာဖွေစုံစမ်းနေတယ်။ထိုင်းနိုင်ငံဟာ လူတိုင်းရဲ့လူ့အခွင့်အရေးကို အဓိက ဦးစားပေးတဲ့ နိုင်ငံဖြစ်တယ်” ဟုပြောသည်။
Fortify Rights အဖွဲ့က ထိုင်းစစ်သားလေးဦးသည် အသက် ၃၇ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား အောင်ကိုကို ဆိုသူကို ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မဲဆောက်မြို့၌ ဖမ်းဆီးခဲ့ပြီး ထိုင်းစစ်သားလေးဦးအနက် သုံးဦးက အောင်ကိုကိုအား ဝါးရင်းတုတ် အရှည်နှင့် ရိုက်သတ်ခဲ့ပြီး ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း၊ မျက်မြင်သက် သေများ၏ ပြောစကားများကို ကိုးကား၍ သတင်းထုတ်ပြန်ခဲ့သည်။
Fortify Rights အဖွဲ့၏ စီးအီးအိုတစ်ဦးဖြစ်သော မက်သရူးစမစ်က ” အောင်ကိုကို ကို ညှင်းပန်းနှိပ်စက်ခံရပြီး အသတ်ခံရတာကို အဖြေမရဘဲ ပြီးဆုံးသွားတာမျိုးကို ခွင့်မပြုနိုင်ဘူး။ ထိုင်းစစ်သားတွေဟာ မြန်မာနိုင်ငံသားသေဆုံးမှုအတွက် နှောင့်နေးမှုမရှိဘဲ အမှန်တရားနဲ့ တရားမျှတမှုကို တာဝန်ယူရမှာဖြစ်တယ်။ အောင်ကိုကို သေဆုံးမှုဟာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ ကျူးလွန်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကို မီးမောင်းထိုးပြခဲ့တာဖြစ်တယ်” ဟု ပြောသည်။
REf CNA