၁၅.၁၁. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံ၊ ဆာမတ်ဆာခွန်ပြည်နယ်တွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားနှစ်ဦးကို ပြီးခဲ့သောရက်ပိုင်းတွင် ရက်ချာဘူရီပြည်နယ် Suan Phung အရပ်ဒေသ၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းကို တွေ့မြင်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များက သတင်းထုတ်ပြန်လိုက်သည်။
Suan Phung အရပ်ဒေသရှိ Pong Song Koh ကျေးရွာနားက လမ်းမပေါ်တွင် လူသေအလောင်းများတွေ့မြင်ရသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် Suan Phung ရဲစခန်းမှ ရဲမှူးကြီး Chaiwat Purinthrapibarn ဦးဆောင်သော ရဲတပ်ဖွဲ့က သွား ရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားများ သေဆုံးနေသည်ကို တွေ့မြင်ခဲ့ကြောင်း သိရသည်။
သေဆုံးသူနှစ်ဦးအနက် အောင်ဆန်းဆိုသူတွင် သေနတ်ဒဏ်ရာနှစ်ချက် စစ်ဆေးတွေ့ရှိရပြီး ဝမ်းဗိုက်နှင့် ခေါင်းတွင် သေနတ်ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း၊ ရုပ်အလောင်းနားတွင် ဖုန်းများ၊ ငွေကြေးအချို့ ၊ ကားမောင်းလိုင်စင်နှင့် ရွှေ့ပြောင်းသွားသူများကတ်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
အောင်ဆန်း၏ရုပ်အလောင်းနှင့် မီတာ ၃၀၀ အကွာတွင် မြန်မာနိုင်ငံသား စောစော၏ရုပ်လောင်းကို ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ပြီး ကျောကုန်းတွင် သေနတ်ဒဏ်ရာများ တွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ကပြောသည်။
ထိုင်းရဲတပ်ဖွဲ့ အဆိုအရ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်သော အောင်ဆန်းနှင့် စောစောတို့သည် နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီက အခြား သူငယ်ချင်းလေးဦးနှင့်အတူ ကား နှစ်စီးဖြင့် ထွက်ခွာခဲ့ကြောင်း၊ ၎င်းတို့ကို ဆွေမျိုးများက ဖုန်းဆက်ခေါ်ဆိုသော်လည်း ဆက်သွယ်လို့မရခဲ့ကြောင်း ပြောသည်။
ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူများသည် မြန်မာနိုင်ငံသားနှစ်ဦးသေဆုံးစေခဲ့သော သေနတ်ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားရသော အကြောင်းအရင်းကို အတိအကျမသိသေးကြောင်း ပြောသည်။
REf , thailandnews