၁၅.၁၁.၂၀၂၄.
Translated by Htwe Ko Tun
တရုတ်နိုင်ငံ၏ လျှပ်စစ်ကားကဏ္ဍတွင် လျှပ်စစ်ကားထုတ်လုပ်မှုက စွမ်းဆောင်နိုင်စွမ်းထက် အလွန်ပိုလာလေမလားဟု စိုးရိမ်မှုများကြားမှပင် နှစ်စဉ်ထုတ်လုပ်မှု လျှပ်စစ်ကား ၁၀ သန်းကျော်လာသည့် သ မိုင်းမှတ်တိုင်တစ်ခုသို့ ရောက်ရှိလာကြောင်း သိရသည်။
တရုတ်အစိုးရက ကျောထောက်နောက်ခံပြုထားသည့် ကုမ္ပဏီများစုဝေးထားသော အဖွဲ့အစည်းဖြစ်သည့် တရုတ်မော်တော်ကားထုတ်လုပ်သူများအသင်းက နိုဝင်ဘာလ ၁၄ ရက်တွင် တရုတ်နိုင်ငံ၏ နှစ်စဉ် လျှပ်စစ်ကားထုတ်လုပ်မှုမှာ ၁၀ သန်းပြည့်မီသွားပြီဟု ကြေညာခဲ့သည်။ လျှပ်စစ်ကားထုတ်လုပ်မှုက ၂၀၂၃ ခုနှစ် အလားတူကာလထက် ၄ ဒသမ ၃ ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း ကျန်ရှိသေးသည့် ရက်သတ္တပတ် ခုနှစ်ပတ်တွင် ၂၀၂၃ ခုနှစ်ထက် များစွာ ထုတ်လုပ်မှုသာလွန်ဦးမည် ဖြစ်သည်။
ဤကဲ့သို့ တရုတ်နိုင်ငံ၏လျှပ်စစ်ကားထုတ်လုပ်မှု တိုးတက်လာခြင်းက လျှပ်စစ်ကားထုတ်လုပ်မှုလုပ် ငန်းတွင် တရုတ်နိုင်ငံ၏ ကျွမ်းကျင်အောင်မြင်မှုကို ဖော်ပြနေခြင်းဖြစ်သလို ပြည်တွင်းသုံးစွဲသူများအနေ ဖြင့်လည်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိသော လျှပ်စစ်စွမ်းအင်သုံးစမတ်ကားများကို ပိုမိုစိတ်ဝင်စားလာကြခြင်းအား ဖော်ပြနေခြင်းဖြစ်သည်။ သို့သော် ဓာတ်ဆီသုံးကားများကို အသုံးပြုရန်ရှောင်ကြဉ်လာကြခြင်းနှင့်အတူ တရုတ်ပြည်မကြီး၏မော်တော်ကားထုတ်လုပ်မှုကဏ္ဍတွင် လိုအပ်မှုထက်များစွာ ပိုကဲလာမည်ကို စိုးရိမ်ခဲ့ကြခြင်းဖြစ်သည်။
ရှန်ဟဲအခြေစိုက် လျှပ်စစ်ကားထုတ်လုပ်သူတစ်ဦးက “လာမယ့်နှစ်တွေဆိုရင် ဓာတ်ဆီကားတွေ ရောင်းချရမှုက ပိုလို့တောင် နည်းသွားနိုင်သေးတယ်။ လျှပ်စစ်ကားရောင်းချရမှုတွေက ဓာတ်ဆီကား ရောင်းချရမှုတွေကို သာလွန်လာတာနဲ့အမျှ ကားထုတ်လုပ်မှုလုပ်ငန်းတွေမှာလည်း ထုတ်လုပ်မှု အဆောက်အအုံတွေနဲ့ အလုပ်သမားတွေ ပိုလျှံလာနိုင်တယ်” ဟုပြောခဲ့သည်။
တရုတ်ပြည်မကြီးအတွင်း မော်တော်ကားထုတ်လုပ်နိုင်မှုက ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အစင်းရေ သန်း ၄၀ ခန့်ရှိပြီး ၂၂ သန်းခန့် ရောင်းချရကြောင်း ရှန်ဟဲအခြေစိုက် မော်တော်ကားထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့ က ပြောခဲ့သည်။
တရုတ်ပြည်မကြီးတွင် ၂၀၂၄ ခုနှစ်၏ပထမဆယ်လအတွင်းတွင်မူ လျှပ်စစ်ကားနှင့်ဓာတ်ဆီစွမ်းအင်သုံး ကားများ စုစုပေါင်း မော်တော်ယာဉ်ရောင်းချရမှုက ၁၇ ဒသမ ၃ သန်း ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလထက် သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ သို့ရာတွင် ထိုကာလ၌ လျှပ်စစ်ကားများရောင်းချရမှုက ၉ ဒသမ ၇၅ သန်းရှိကာ ယခင်နှစ် အလားတူကာလထက် ရောင်းချရမှု ၃၄ ရာခိုင်နှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံတွင် လျှပ်စစ်ကားများကို ဓာတ်ဆီစွမ်းအင်သုံးကားများထက် သုံးစွဲသူများက ပို၍ စိတ်ဝင်စားလာနေသည်ကို ဖော်ပြခြင်းလည်းဖြစ်သည်။
လေ့လာသူများက တရုတ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်၌ လျှပ်စစ်ကားများထုတ်လုပ်မှုက နှစ်ကုန်တွင် စုစုပေါင်း ၁၂ သန်းအထိ ရှိလာမည်ဟု ခန့်မှန်းထားကြသည်။
Ref- SCMP