November 15, 2024

ဖြိုးဝေ
၁၅. ၁၁. ၂၀၂၄

၁။

“ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ ဆွမ်းမှာ ပိဏ်၊ အလှူမှာ ကထိန်” ဆိုတာဟာ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ဗုဒ္ဓဘာသာတိုင်း အမြတ်ဆုံးအလှူအဖြစ် ပြုချင်ကြတဲ့ အလှူတွေပါ။ ဒီလိုမျိုး အမြတ်ဆုံးအလှူလို့ ခံယူထားတဲ့ အလှူတွေကိုလည်း ဗုဒ္ဓဘာသာဝင်တွေတိုင်းက တစ်သက်မှာ တစ်ခါစီတော့ လှူဖူးချင်ကြတဲ့ အလှူတွေပါပဲ။

ဒီလိုမျိုး အမြတ်ဆုံးသော အလှူတွေအပါအဝင် ဗုဒ္ဓဘာသာဝင်တို့ ပြုမြဲပြုစဥ်အလှူတွေဟာ တစ်ချိန်တုန်းကတော့ ရပ်တန့်၊ ပျက်ရယ်ပြုခံခဲ့ရဖူးတာကလည်း မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တိုင်း နားလည် လက်ခံထားခဲ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်မှန်လို့လည်း ဆိုရမှာပါ။

အမြတ်ဆုံးသော အလှူတွေထဲက တစ်ခုဖြစ်တဲ့ ကထိန်ဟာဆိုရင်လည်း ၂၀၂၀ ပြည့်နှစ်ကာလမှာ ကိုဗစ်ကပ်ရောဂါကြောင့် ရပ်တန့်ခဲ့ရဖူးသလို၊ ၂၀၂၁ ခုနှစ် နိုင်ငံရေးအကျပ်အတည်းမှာလည်း အလှူပြုရင်ကို ပျက်ရယ်ပြု ရှုတ်ချပြီး ဝေဖန်တိုက်ခိုက်တာကြောင့် ဘုန်းကြီးကျောင်းတွေဟာ ကထိန်မရတော့တဲ့ အဖြစ်မျိုး နှစ်နှစ် ဆက်တိုက်လည်း ကြုံခဲ့ဖူးသေးတာပါ။

၂။

ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ထားတဲ့ ရတနာသုံးပါးဟာ ” ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ” ပါ။ ဒီရတနာသုံးပါးဟာ ဒီနေ့လူမှုကွန်ရက်မှာတော့ ဘာသာအားလုံးကြား ထိုးနှက်တိုက်ခိုက်မှု အခံရဆုံးလည်းဖြစ်နေပါတယ်။ ဒီနေရာမှာ ဘာကြောင့် အထိုးနှက်ခံနေရတာလဲဆိုရင် ဗုဒ္ဓဘာသာဟာ ငွေပေးစည်းရုံးစရာမလိုသလို အကြောက်တရားတွေ အစွန်းရောက်အကြမ်းဖက်မှုတွေနဲ့ စည်းရုံးမှုတွေ ကင်းစင်တဲ့ ဘာသာဖြစ်နေတာကြောင့်လည်း ပါပါတယ်။

ဗုဒ္ဓဘာသာမှာဆို သမိုင်းကြောင်းမှန်ကန်စွာတည်ရှိတဲ့ ဗုဒ္ဓဖြစ်တော်စဥ်ကို မထိုးနှက်နိုင်တဲ့အခါ၊ ယုံကြည်ကိုးကွယ်မှုအလိုက် ထုဆစ်ပူဇော်ကြတဲ့ ဆင်းတုတော်နဲ့ အခါကြီးရက်ကြီးတွေမှာ ဘုရားသွားကျောင်းတက်တာကို လှောင်ပြောင်စော်ကားကြတာမြင်ရပါတယ်။ ဓမ္မရဲ့ စင်ကြယ်မှုကို ထိုးနှက်စရာမတွေ့တဲ့အခါမှာလည်း ထေရဝါဒနဲ့ မဟာယာန၊ ရိုးရာဓလေ့အရ ယုံကြည်ပသမှုတွေကို စော်ကားပုပ်ခတ်မှုနဲ့ ထိုးနှက်တာလည်း မြင်ရပါသေးတယ်။ ဒီအထဲမှာ ပုထုဇဥ်သာဖြစ်တဲ့ သံဃာက အထိုးနှက်အခံရဆုံးဖြစ်ပြီး “သမဏသာရုပ္ပ” မဖြစ်တဲ့ ရဟန်းတွေကို မြင်တဲ့အခါ ထိုးနှက်တိုက်ခိုက်ကြတာကို အဓိက မြင်ရပါတယ်။ ဗုဒ္ဓဘုရားရှင် ရှိစဥ်မှာတောင် ဒေဝဒတ်တို့လို၊ ဆဗ္ဗဂီရဟန်းတွေလို လာဠုဒါယီ၊ ဥပနန္ဒတို့လို “သမဏသညာ” ကင်းတဲ့ ရဟန်းတွေရှိခဲ့ဖူးတာကို မျက်ကွယ်ပြုပြီး ရဟန်းတစ်ပါး အနေအထိုင်မမှန်တာနဲ့ ရတနာသုံးပါးနဲ့ ဘာသာတစ်ခုလုံးကို သိမ်းကျုံးတိုက်ခိုက်တာကလည်း လူမှုကွန်ရက်မှာ မမြင်ချင်အဆုံးပါပဲ။

ဒီလိုထိုးနှက်တိုက်ခိုက်တာထက် ဆိုးတာကလည်း လက်ရှိဖြစ်ပွားနေဆဲဖြစ်တဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးကာလအတွင်းမှာ ဖြစ်မြဲဖြစ်နေဆဲဖြစ်ပြီး အဲဒီဖြစ်ရပ်ကတော့ NLD ၊ CRPH ၊ PDF နဲ့ EAOs တွေကို မထောက်ခံတဲ့ သံဃာတော် အရှင်သူမြတ်တွေဟာ “သူလျှို၊ ဒလန်” ဆိုတဲ့ခေါင်းစဥ်အောက်မှာ သတ်ဖြတ်ခံရ၊ သံဃာရည်စူးအလှူတွေ လုယက်ခံရ ကြုံရတာပါ။ မှတ်တမ်းတွေအရတော့ ဒီလိုမျိုးသတ်ဖြတ်ခံရတဲ့သံဃာက ၉၀ ကျော် ၁၀၀ နီးပါး၊ PDF တွေ ဖမ်းဆီးသွားပြီး အစပျောက်သွားတာက သံဃာ ၅၀ နီးပါးအပြင် သီလရှင် ၂ ပါးအထက်လည်း သတ်ဖြတ်ခံခဲ့ရသေးတာပါ။ ဒီလိုမျိုးဖြစ်ရပ်ဟာ အာဏာအဓိကရုဏ်းနဲ့ ဘာသာရေးစစ်ပွဲကို တော်လှန်ရေးခေါင်းစဥ်အောက်မှာ ဆွဲထည့် သတ်ဖြတ်တဲ့အသွင်လည်း ဆောင်နေပြန်ပါသေးတယ်။

၃။

ဗုဒ္ဓဘာသာဝင်တွေအဖို့ အလှူအတန်းတောင် မပြုရဲတဲ့ အကာလတွေဟာ ၂၀၂၂ ကစ ပြန်လည်ငြိမ်သက်စပြုလာပြီး ရွှေတိဂုံလိုစေတီတော်မြတ်ကြီးမှာတောင် ပျောက်ရှသွားဖူးတဲ့ စတုဒိသာအလှူတွေ၊ ကထိန်တွေ ပြန်လည်စတင်လာသလို ၂၀၂၃ ထဲမှာတော့ အရင်လိုမဟုတ်တောင် အများအပြားလှူတန်းကုသိုလ်ပြုလာတာ တွေ့မြင်ရပြီး “ကိုယ့်မှာ ရှိရှိ မရှိရှိ လှူချင်တန်းချင်တဲ့ ဗုဒ္ဓဘာသာတို့ရဲ့ စိတ်ရင်းအမှန်”ကို တစ်ကျော့ပြန် မြင်တွေ့လာရပါတယ်။

ပိုပြီးတော့ ဝမ်းသာစရာကောင်းတာကတော့ ဒီနှစ်ပါ။ ဒီနှစ်ဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအဖို့ အရင်လိုမျိုးကထိန်ကို အတိအကျပြန်ရပြီလို့ကို ဆိုရမှာပါ။ ရန်ကုန်လိုမြို့မျိုးမှာဆို လမ်းတိုင်း၊ ကျောင်းတိုင်း၊ အဖွဲ့အစည်းတိုင်းလိုက ကထိန်တွေ ပြန်ခင်းနေရတာမျိုးမြင်ရတာပါ။

ဒါ့အပြင်လည်း အံ့ဩစရာလည်းကောင်းတာက ဒီနှစ်မှာ ကထိန်ပွဲဆင်နွှဲနေကြတဲ့အထဲ တစ်ချိန်တုန်းက NLD ၊ NUG ၊ PDF တွေရဲ့ နွေဦးတော်လှန်ရေးမထောက်ခံလို့ဆိုပြီး ရဟန်းသံဃာတွေကို ဆဲဆို သတ်ဖြတ်ကြတဲ့ PDF ရပ်ဝန်းမှာပါ ကထိန်ခင်းတာတွေ ပြန်မြင်လိုက်ရတာပါပဲ။

ဒါဟာ အပြန်အလှန်သတ်ဖြတ်မှုတွေ၊ တိုက်ပွဲတွေ၊ အစိမ်းသေတွေကြားမှာ မကျွတ်မလွတ်သူတွေရဲ့ ခြောက်လှန့်မှုဟာ ရတနာသုံးပါးနဲ့မှ အေးချမ်းတယ်ဆိုတာကို PDF တွေ သိလာကြတဲ့ သဘောပဲဖြစ်ဖြစ်၊ သံဃာတော်တွေကို စော်ကားတိုက်ခိုက် သတ်ဖြတ်မှုဟာ ဘာသာရေးအဓိကရုဏ်းအသွင်ဖြစ်လာမှာစိုးလို့ဖြစ်ဖြစ်၊ ထိန်းသိမ်းဆင်ခြင်တဲ့ အချိုးအကွေ့တစ်ခုကို ငြိမ်းချမ်းရေးပြယုဂ်သဘောမျိုး ကထိန်ကာလမှာ မြင်ရတာလည်း ဝမ်းသာစရာပါပဲ။ ဒီလိုမျိုး ဝမ်းသာစရာပြယုဂ်နောက်မှာ ရဟန်းသံဃာပါမချန် လက်နက်မဲ့ပြည်သူတွေကို အချိန်တိုတိုနဲ့ အဆင်ခြင်မဲ့ သတ်ဖြတ်မှုတွေ လျော့ကျလာတာနဲ့အမျှ ငြိမ်းချမ်းခြင်းလမ်းစဟာ မကြာခင်ပီပြင်လာမှာပါ။

ဒီနေ့ဟာဆိုရင်လည်း ရန်ကုန်မြို့က ဘုန်းကြီးကျောင်းတိုင်းလိုလို ကထိန်အပြည့်ပါ။ ဒါပေမဲ့ အရင်နှစ်တွေကလို ဆောင်းဘောက်စ်အသံကုန်ဖွင့်ပြီး ကထိန်ပဒေသာပင်တွေ သယ်တာပို့တာ၊ မူးရူးကခုန်တာတွေ နည်းသွားတယ်လို့ ယူဆမိပြီး ဒီလိုနည်းသွားတယ်ဆိုရင်လည်း ကြိုဆိုရမှာပါ။ ဗုဒ္ဓဘာသာဝင်တွေအဖို့ အမြတ်ဆုံးလို့ယူဆကြတဲ့ ကထိန်အလှူဟာ လူမှုကွန်ရက်ပေါ်မှာ တိုက်ခိုက်ခံရတဲ့ တစ်ခုတည်းသောအချက်က ကထိန်ခင်းတဲ့အလှူတွေမှာ ဆောင်းဘောက်စ်အသံကုန်ဖွင့်ပြီး အပျော်လွန် မူးရူးကခုန်တာပါ။ ဒါဟာ ကထိန်အကြောင်းပြုပြီး ဆောင်းဘောက်စ်အသံကုန်ဖွင့်ချင်ကြ၊ ဆူဆူညံညံကခုန်ကြချင်သူတွေ ဆင်ခြင်ရမယ့်အပိုင်းပါ။ ဒီလိုမျိုးသာ ဆင်ခြင်လိုက်မယ်ဆို နဂိုကတည်းက ဘာသာတရားထက် ကိုးကွယ်လိုက်နာတဲ့သူတွေရဲ့ မဆင်မခြင်လုပ်ဆောင်မှုအချို့နဲ့ ဘာသာတရားရဲ့ အဆုံးအမကို လိုက်နာမှုနည်းပါးတဲ့ အပြုအမူအပေါ်ပဲ ဝေဖန်စရာရှိတဲ့ ဗုဒ္ဓဘာသာဟာ ကမ္ဘာမှာ အသန့်စင်ဆုံး၊ အငြိမ်းချမ်းဆုံး၊ ဘာသာရေးစစ်ပွဲလုပ်စရာမလိုဘဲ၊ ငွေပေးစည်းရုံးစရာမလိုဘဲ တိုးတက်များပြားလာတဲ့ ဘာသာတစ်ခုအဖြစ် ရှေ့ဆုံးက ဦးဆောင်ဝံ့ကြွားနိုင်မှာလည်း မလွဲဧကန်ပါ။

ပုံစာ။ ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်သော ကထိန်ပွဲတစ်ခုနှင့် PDF များ ကျင်းပသော ကထိန်။

Leave a Reply

Your email address will not be published. Required fields are marked *