November 15, 2024

၁၅. ၁၁. ၂၀၂၄
Written by Nyein Kyaw

ဒစ်ဂျစ်တယ်ငွေပေးချေမှုအပေါ် ယုံကြည်မှုမပျက်ပြားစေရန် လိမ်လည်မှုဖြစ်စဉ်များကို သုံးသပ်ပြီး ကြပ်မတ်ထိန်းကျောင်းနိုင်ရေးအတွက် မူဝါဒများချမှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယမန်နေ့က ပြုလုပ်သည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုဖြစ်စဉ် (Fraud Case) များဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကာကွယ်နိုင်ရန် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ်ငွေပေးချေမှုအပေါ် ယုံကြည်မှု မပျက်ပြားစေရေးအတွက် ငွေကြေးလိမ်လည်မှုများနှင့် ပတ်သက်၍ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာ အားကောင်းလာသည်နှင့်အမျှ နည်းပညာ အသုံးပြု၍ လိမ်လည်မှုပုံစံများသည် OTP၊ SMS များကို Hack ၍ Application အတုများ၊ Link အတုများ ပေါ်ပေါက်လာပြီး Payment Link များနှင့် ချိတ်ဆက် ဆောင်ရွက်၍ ငွေကြေးလိမ်လည်မှုများ ဖြစ်ပွားလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ဖြစ်ပေါ်ခဲ့သည့် လိမ်လည်မှုဖြစ်စဉ်များကို သုံးသပ်ပြီး ကြပ်မတ်ထိန်းကျောင်းနိုင်ရေးအတွက် မူဝါဒများချမှတ်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။

ဘဏ်များကလည်း ၎င်းတို့ကြုံတွေ့ရသော ငွေကြေးလိမ်လည်မှုဖြစ်စဉ်များ စိစစ်တွေ့ရှိချက်နှင့် တွေ့ကြုံနေရသည့်အခက်အခဲများကို တင်ပြခဲ့ကြပြီး တင်ပြချက်များအပေါ် ကော်မတီအဖွဲ့ဝင်များက လုံခြုံမှုကျိုးပေါက်နိုင်သည့်အချက်များ၊ အသိပညာပေးမှုအစီအစဉ်များ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ ငွေရေးကြေးရေးကဏ္ဍနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူများ (Mobile Network Operators) နှင့် FinTech Service ဝန်ဆောင်မှုပေးသူများအနေဖြင့် ငွေကြေးလိမ်လည်မှုများကို ကာကွယ်ဖော်ထုတ်နိုင်ရေး၊ ငွေကြေးဆုံးရှုံးမှုများကို ကာကွယ်နိုင်ရေး ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

လိမ်လည်မှုဖြစ်စဉ်များတွင် အဆင့်မြင့်နည်းပညာ အသုံးပြုလာကြသည်ကို တွေ့ရှိရသဖြင့် မူဝါဒပိုင်းဆိုင်ရာနှင့် ကြီးကြပ်ကွပ်ကဲမှုပိုင်းဆိုင်ရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ပေးရန်လိုပြီး မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအနေဖြင့် လက်ရှိလုံခြုံရေးစနစ်များအား ပြန်လည်စိစစ်သုံးသပ်ကာ အဆင့်မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *