၁၅.၁၁. ၂၀၂၄
Written by Shwe Phyo
လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခများက မြန်မာနိုင်ငံရှိ အရင်းအမြစ်နည်းပါးသော စပါးစိုက်ပျိုးသူ လယ်သမားများကို သက်ရောက်မှု ဒဏ် နှစ်ဆတွေ့ကြုံခံစားစေခဲ့ရကြောင်း Agricultural Economics က ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်ပြီး အပေါင်းလက္ခဏဆောင်သော နည်းပညာအပြောင်းအလဲကို အဟန့်တားဖြစ်စေခဲ့ကြောင်း အထူးသဖြင့် အသေးစားလယ်သမားများအပေါ် ကြီးမားသော စိုးရိမ်မှုများဖြစ်စေခဲ့ကြောင်း Agricultural Economics က ဖော်ပြထားသည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် လယ်သမားများ၏ ဆန်စပါး ထုတ်လုပ်မှု ကျဆင်းခဲ့သလို လယ်ယာလုပ်ငန်းအတွက် လိုအပ်သော စက်ပစ္စည်းများလည်းအပြောင်းအလဲဖြစ်လာခဲ့ကြောင်း၊ လယ်ယာလုပ်ငန်းနှင့် ပတ်သက်သော ရင်းနှီးမြှုပ်နှံမှုကိုလည်းသက်ရောက်မှုများ ဖြစ်လာခဲ့ကြောင်း သိရသည်။
ထိုအပြင် IFPRI အဖွဲ့ကလည်း ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ဆန်ထုတ်လုပ်နိုင်မှုသည် တန်ချိန် ၁ ဒသမ ၂၁ သန်းသာ ရှိနိုင်ပြီး ပြီးခဲ့သော နှစ်နှင့်နှိုင်းယှဉ်လျှင် အနည်းငယ်တိုးတက်လာခဲ့ကြောင်း၊မြန်မာနိုင်ငံတွင် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း ဆန်စပါးထုတ်လုပ်နိုင်မှုသည် တန်ချိန် ၁ ဒသမ ၁၈ သန်းသာရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးပဋိပက္ခဖြစ်လာခဲ့ပြီးနောက်ပိုင်း ဆန်စပါးထုတ်လုပ်နိုင်မှုသည် နိုင်ငံရေးပြဿနာများမဖြစ်ပွားခင် အချိန်နှင့်နှိုင်းယှဉ်ပါကလျော့နည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၂၀ -၂၁ ဘဏ္ဍာနှစ်အတွင်းက ဆန်တန်ချိန် ၁ ဒသမ ၂၆ သန်းထုတ်လုပ်နိုင်ခဲ့ကြောင်း IFPRI အဖွဲ့၏ဖော်ပြချက်များအရ သိသည်။
ထို့အတူတောင်သူများအသုံးပြုသည့် သွင်းအားစုများ (တိုးတက်သောမျိုးကွဲများ၊ လယ်ယာမြေနှင့် လုပ်အား) သည် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားခြင်းကြောင့် စပါးရိတ်သိမ်းချိန်တွင် ဆန်စပါးထုတ်လုပ်နိုင်မှု ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသော နည်းပညာ ပြောင်းလဲမှုပုံစံများသည် စိုက်ပျိုးရေး အရင်းအနှီးနည်းသော အဆင်းရဲဆုံး တောင်သူ လယ်သမားငယ်များကို နှစ်ဆ ထိခိုက်မှုဖြစ်လာစေခဲ့ကြောင်း၊ မြို့များတွင် အကြမ်းဖက်တိုက်ခိုက်မှုများ တိုးမြှင့်လာခြင်းကြောင့် အရင်းအနှီးနည်းပါးသော လယ်သမားကို အကူအညီဖြစ်စေမည့် လယ်ယာဝန်ဆောင်မှုများ လက်ခံရရှိမှုလည်း လျော့နည်းခဲ့ကြောင်း၊ လယ်ယာဝန်ဆောင်မှုကို အလုံအလောက် မရရှိခြင်းသည် ဆန်စပါးထုတ်လုပ်ရေးလုပ်ငန်းကို စိန်ခေါ်မှုများ ပိုမိုဖြစ်လာစေခဲ့ပြီး အထူးသဖြင့် စိုက်ပျိုးရေးသုံးပစ္စည်းမရှိသည့် လယ်သမားများအတွက် စိန်ခေါ်မှုများ ပိုမိုဖြစ်လာစေခဲ့ကြောင်း သိရသည်။
REf, IFPRI