November 15, 2024

၁၅ .၁၁. ၂၀၂၄
Written by Shwe Phyo

မလေးရှားနိုင်ငံရှိ ပရိဘောဂစက်ရုံတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးသည် ရန်ဖြစ်မှုတွင်ပါဝင်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၃ ရက်နေ့တွင် သေဆုံးခဲ့၍ ကျူးလွန်သူများကို ဖမ်းဆီးထားကြောင်း မလေးရှားရဲတပ်ဖွဲ့က ပြောသည်။

ဖြစ်စဥ်မှာ မလေးရှားနိုင်ငံ၊ Muar အရပ်ဒေသ Bakri မြို့ရှိ ပရိဘောဂစက်ရုံတွင် မြန်မာနိုင်ငံသားအချင်းချင်း ရန်ပွဲဖြစ်ပွားခဲ့ရာ လူသေဆုံးမှုများရှိခဲ့သည်သတင်းကို လက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း Muar အရပ်ဒေသ ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲဖြစ်သူ ရဲမှူးကြီး အာမန် အေဇစ်က ပြောသည်။

မလေးရှားရဲတပ်ဖွဲ့သည် ရန်ပွဲဖြစ်ပွားခဲ့ပြီးနောက် လူသတ်မှုကျူးလွန်ခဲ့သူများအဖြစ် သံသယရှိသော အခြား မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ သိရသည်။ လူသတ်မှုကျူးလွန်မှုဖြင့် သံသယရှိကာဖမ်းဆီးခံရသူများသည် အသက် ၂၄ နှစ်နှင့် အသက် ၃၅ နှစ်အရွယ်ကြား ရှိနေသူများဖြစ်ပြီး လူသတ်မှုအတွက် အသေးစိတ် စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ရဲမှူးကြီး အာမန် အေဇစ်က ပြောသည်။

ရဲမှူးကြီး အာမန် အေဇစ်က ရန်ပွဲဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် လူသတ်မှုကျူးလွန်သူအဖြစ် သံသယရှိသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း လူသတ်မှုတွင်ပါဝင်သော အခြားသူတစ်ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ လူသတ်မှုကျူးလွန်ရာတွင် ပါဝင်ခဲ့သည့် အခြားတစ်ဦးသည် နိုင်ငံခြားသားတစ်ဦးဖြစ်ပြီး ပုန်းအောင်းနေဖွယ်ရှိနေကြောင်း ပြောသည်။

မလေးရှားရဲတပ်ဖွဲ့သည် ရန်ပွဲဖြစ်ပွားပြီးနောက် ဒဏ်ရာရခဲ့သော မြန်မာနိုင်ငံသားကို Sultanah Fatimah အထူးကုဆေးရုံသို့ အလျင်အမြန်တင်ပို့ခဲ့သော်လည်း ခေါင်းတွင် ပြင်းထန်သော ဒဏ်ရာများရရှိထားသည့်အတွက် သေဆုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။ မလေးရှားရဲတပ်ဖွဲ့သည် ရန်ပွဲဖြစ်ပွားရခြင်းနှင့် လူသတ်မှုဖြစ်ပွားရသောအကြောင်းအရင်းများကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသူ အခြားတစ်ဦးကိုလည်း ဖမ်းဆီးရမိရန် ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *