November 14, 2024

၁၄.၁၁.၂၀၂၄
Written by KL

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)ရပ်၊ အမှတ်(၇၆)၊ ဗိုလ်ချုပ်လမ်းမဘေးရှိ First Rate ဖုန်းဆိုင်တွင် ဆိုင်ဝန်ထမ်းတစ်ဦးသေဆုံးခဲ့သော ပစ်ခတ် လုယက်မှုဖြစ်စဥ်၌ ကျုးလွန်သူ ၄ ဦးကို ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက တစ်ရက်အတွင်း အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာလ ၁၃ ရက် နံနက်ပိုင်းက First Rate ဖုန်းဆိုင်သို့ ဆိုင်ကယ်၂ စီးဖြင့် အမျိုးသား ၄ ဦးရောက်ရှိလာပြီး အရောင်းဝန်ထမ်းများကို ကြမ်းပြင်သို့ မှောက်ခိုင်းကာ ဆိုင်နောက်ခန်းတွင် ဖုန်းပြင်နေသော ဆိုင်ဝန်ထမ်းကို သေနတ်ဖြင့် ပစ်သတ်၍ ဆိုင်တွင်းမှ I phone 15 အမျိုးအစား ဖုန်း(၅)လုံး၊ I phone 16 အမျိုးအစား ဖုန်း(၁၅)လုံး၊စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁၁၂၁ သိန်းဖိုးရှိသော ဖုန်းအလုံး ၂၀ ကို ယူဆောင်ကာ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဥ်ကို တာဝန်ရှိသူများက စုံစမ်းခဲ့ပြီးနောက် လုယက်မှုကျုးလွန်သူများ ငှားရမ်းနေထိုင်သော ဝမ်ကျောက်လုံကျေးရွာရှိ နေအိမ်လိုင်းခန်းတစ်ခုကို နိုဝင်ဘာလ ၁၄ ရက် နံနက် ၁ နာရီက ရဲတပ်ဖွဲ့ဝင်များပါသော ပူးပေါင်းအဖွဲ့က ပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာမှ ကျုးလွန်သူများက ပစ်ခတ်တိုက်ခိုက်၍ ထွက်ပြေးရန်ကြိုးပမ်းသဖြင့် ကျုးလွန်သူ အမျိုးသား ၄ ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ကျုးလွန်သူများမှာ အသက် ၂၅နှစ်မှ ၃၀ဝန်းကျင် အမျိုးသားများဖြစ်ပြီး ၄င်းတို့လက်ထဲတွင် ပစ္စတိုသေနတ် ၄ လက်ကိုလည်း​ကောင်း၊ လက်ကိုင်ဖုန်းမျိုးစုံ ၁၂ လုံး၊ လိုင်းခန်းရှေ့တွင် ရပ်ထားသော TOYOTA WISH အဖြူရောင် မော်တော်ယာဉ် ၁ စီး၊ ဖန်လီအမည်ဖြင့် မှတ်ပုံတင် ၁ ခု၊ စမတ်ကတ် ၁ ခု၊ ယာဥ်မောင်းလိုင်စင် ၁ ခုတို့ကို တာဝန်ရှိသူများက သိမ်းဆည်းရမိခဲ့သည်။

“မှတ်ပုံတင် အရတော့ လားရှိုးမြို့နေသူလို့သိရတယ်။ လုယက်သွားတဲ့ ဆိုင်ကယ်နံပါတ်နဲ့ အမျိုးအစားတွေကို ဆိုင်ကယ်ရောင်းဝယ်ခဲ့တဲ့ ဆိုင်တွေကို စုံစမ်းရာကနေ သူတို့ရဲ့ကားနံပါတ်ကို သိခဲ့တာ။ အဲ့ဒီကနေ သူတို့သွားတဲ့လမ်းကြောင်းကို လိုက်ရာကနေ မိတာလို့ သိရတယ် “ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

သေဆုံးခဲ့သော ကျုးလွန်သူ ၄ ဦးကို တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဟောင်လိတ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၉၂/၃၄ ဖြင့် အမှုဖွင့်ကာ စစ်​ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *