၅. ၁. ၂၀၂၃
Written by Pan Ei
ဂျပန်နိုင်ငံရဲ့ ကျေးလက်ဒေသတွေ ပြန်လည်စည်ကားအသက်ဝင်လာစေဖို့နဲ့ ကျဆင်းနေတဲ့ ကလေးမွေးဖွားနှုန်းကို မြှင့်တင်ရေး ကြိုးပမ်းမှုအဖြစ် လူဦးရေထူထပ်တဲ့ မြို့တော်တိုကျိုကနေ ပြောင်းရွှေ့နေထိုင်မယ်ဆို ပြောင်းရွှေတဲ့ မိသားစုတွေကို ငွေကြေးပေးဆောင်မယ်လို့ ဂျပန်အစိုးရက ကမ်းလှမ်းထားပါတယ်။
လာမဲ့ ဧပြီလကစပြီး ကြင်ဖော်မဲ့မိဘတွေအပါအဝင် တိုကျိုမြို့တော် ဧရိယာအတွင်းက မိသားစုတွေဟာ နိုင်ငံတဝှမ်းက လူဦးရေနည်းပါးတဲ့ ဒေသတွေဆီ ပြောင်းရွှေ့နေထိုင်မယ်ဆို ကလေးတစ်ယောက် ယန်း ၁ သန်း (ဒေါ်လာ ၇,၇၀၀) ခန့် ရရှိခွင့်ရမယ်လို့ အစိုးရဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
ဒီလှုံ့ဆော်မှုတွေက အသက် ၁၈နှစ်အောက်ကလေးတွေ ဒါမှမဟုတ် ၁၈ နှစ်အထက် မှီခိုသူတွေ၊ အထက်တန်းကျောင်းတက်နေသေးသူတွေ အတွက်ပါ အကျုံးဝင်ပါတယ်။ ပြောင်းရွှေ့နေထိုင်သူတွေဟာ သူတို့ရဲ့အိမ်အသစ်မှာ အနည်းဆုံး ငါးနှစ်နေထိုင်ရမှာဖြစ်ပြီး အဲဒီဒေသမှာ အလုပ်လုပ်ကိုင်နိုင်မှာဖြစ်သလို ကိုယ်ပိုင်စီးပွားရေး ထူထောင်တာမျိုးအပြင် တိုကျိုအခြေစိုက် အလုပ်တွေကို အဝေးကနေ ဆက်လက်လုပ်ကိုင်နိုင်တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဂျပန်နိုင်ငံတစ်ဝှမ်းက လူတွေဟာ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာဖွေဖို့ မြိုပြဆီကို ဆယ်စုနှစ်များစွာ ကတည်းက ပြောင်းရွှေ့နေထိုင်လာခဲ့ကြတာဖြစ်ပြီး တိုကျိုမြို့ဟာ နိုင်ငံ့လူဦးရေအများဆုံးမြို့ဖြစ်လာသလို ခန့်မှန်းခြေ လူဦးရေ ၃၇ သန်းခန့်ရှိနေပါတယ်။
ဂျပန်နိုင်ငံဟာ မြို့ကြီးတွေဆီ ပြောင်းရွှေ့နေထိုင်မှုများပြားတာကြောင့် အဓိက မြို့ကြီးတွေမှာ နေရာလွတ်တွေ အလျင်အမြန် ကုန်ဆုံးခဲ့ပြီး ဈေးနှုန်းတွေကလည်း တဟုန်ထိုး မြင့်တက်နေပါတယ်။ တိုကျိုမြို့ဟာ ကမ္ဘာ့အကုန်အကျအများဆုံးမြို့တွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့အဆင့် နံပါတ် ၅ မှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
Ref; CNN