November 14, 2024

၁၄. ၁၁. ၂၀၂၄
Written by Nyein Kyaw

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ဝတ္ထုကံတော်အတွင်းရှိ ရေပန်းရင်ပြင်တော်၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

SAC ဥက္ကဋ္ဌနှင့် ဇနီးတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်းတော် ရက်လုပ်ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင် ဦးသန့်ဆွေက မင်္ဂလာရွှေမောင်းကို တီးခတ်၍အချက်ပေးရာ ယက္ကန်းအဖွဲ့များက ယက္ကန်းစင်တော်များ၌ မသိုးရွှေကြာသင်္ကန်းတော်များကို စတင်ရက်လုပ်ကြသည်။

ထို့နောက် SAC ဥက္ကဋ္ဌနှင့် ဇနီး၊ ဧည့်ပရိသတ်များသည် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ယက္ကန်းစင်တော် ၁၅ ခုမှ ယက္ကန်းအဖွဲ့များ၏ မသိုးရွှေကြာသင်္ကန်း ရက်လုပ်နေမှုများကို ယက္ကန်းစင်တော် တစ်ခုချင်းစီအလိုက် လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီးနောက် စိန်နားပန်မီးပုံးပျံများနှင့် ညမီးကျည်(ညမီးကြီး) မီးပုံပျံများလွှတ်တင်မှုများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်သို့ လာရောက်ကြသည့် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဗုဒ္ဓဥယျာဉ်တော်အတွင်း၌ တန်ဆောင်တိုင်ပွဲတော် အခါသမယအဖြစ် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ခမ်းနားထည်ဝါစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်အသင်းအဖွဲ့ များမှ ဝတ်ရွတ်စဉ်များဖြင့် ပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ အလှညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံကြီး လွှတ်တင်ပူဇော်ခြင်း၊ ဒုတိယအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း LED မီးများဖြင့် အလှဆင်ပူဇော်ထားရှိခြင်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ၏ ဒေသထွက်ကုန်၊ မြန်မာ့ရိုးရာ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ခန်းများ၊ ဒေသထွက်မုန့်ဆိုင်ခန်းများ ခင်းကျင်းပြသရောင်းချမှုနှင့်အတူ အနုပညာဦးစီးညာဦးစီးဌာနမှ ဇာတ်တော်ကြီးနှင့် ဇာတ်မင်းသားဖိုးချစ်အဖွဲ့က ဇာတ်သဘင်ဖျော်ဖြေမှုတို့ကို ဆောင်ရွက်သွားမည်ဖြစ်သဖြင့် အများပြည်သူများအနေဖြင့် လာရောက်ဖူးမြော်ကြည်ညိုကြည့်ရှုနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *