November 14, 2024

၁၄. ၁၁. ၂၀၂၄
Written by Nay Moe

ပုလဲမြို့ကို သိမ်းဖို့ကြံရွယ်တိုက်ခိုက်နေတဲ့ ဗိုလ်နဂါးရဲ့ BNRA၊ မောင်ဆောင်းခတို့ BPLA နဲ့ PDF တပ်ပေါင်းစုဟာ မနေ့က နိုဝင်ဘာ ၁၃ ရက်အထိ ပုလဲမြို့ကို ရာခိုင်နှုန်း ၉၀ လောက် သိမ်းနိုင်ပြီး မြို့ပေါ်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ပါ အော်ဟစ်စည်းရုံးခဲ့ကြပေမဲ့ နိုဝင်ဘာ ၁၃ ရက်နဲ့ ဒီနေ့မှာ လေကြောင်းက ဆက်တိုက်ချေမှုန်းနေတာကြောင့် ဒီနေ့လယ်က စ ဆုတ်ခွာပြေးနေရပြီး အခုတော့ မြို့သိမ်းတိုက်ပွဲက အရှုံးနဲ့ အပြီးသတ်သွားခဲ့တာကြောင့် စစ်ကူပို့ပေးထားတဲ့ တပ်မတော်စစ်ကြောင်းတွေက မြေပြင်မှာ စစ်ကြောင်းထိုး ရှင်းလင်းနေပြီလို့ ကနဦးသတင်းတွေအရ သိရပါတယ်။

နိုဝင်ဘာ ၁၁ ရက်ကစ BNRA ၊ BPLA နဲ့ မဟာမိတ်တပ်ပေါင်းစုဟာ ပုလဲမြို့ကို ဝင်ရောက်တိုက်ခိုက်ပြီး ထွေအုပ်ရုံးကို စီးနင်းနိုင်တဲ့အပြင် မြို့ပေါ်နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့သလို PDF တပ်ပေါင်းစုဟာ ထွေအုပ်၊ ရဲစခန်း၊ ကျောင်း၊ ဌာနဆိုင်ရာရုံးတွေကို ဦးတည် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေလည်း အသက်ပေးခဲ့ရတဲ့အပြင် နိုင်ငံ့ဝန်ထမ်းတချို့လည်း အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

ပုလဲမြို့ဟာ အထိုင်တပ်မရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင် ဆယ်ဂဏန်းသာရှိသလို ဒီလိုမြို့ငယ်လေးကို BNRA က သာလွန်အင်အားအများအပြားသုံးပြီး လက်နက်ကိုင်ထောင်ဂဏန်းလောက်နဲ့ စီးနင်းတိုက်ခိုက်လာတာကို တပ်မတော်က လေကြောင်းကချေမှုန်းမှုအပြင် ဒီနေ့မနက်တင် စစ်ကူလေးခေါက်ခန့်ပို့ခဲ့တာ၊ မနက် ၇ နာရီကျော်ကနေ လက်ရှိအချိန်အထိ လေကြောင်းပစ်ခတ်မှု ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် PDF တွေ အရှုံးနဲ့ဆုတ်ပြေးကုန်တာလို့ သိရပါတယ်။

ဗိုလ်နဂါးရဲ့ BNRA ဟာ ပုလဲမြို့ကို ဦးဆောင်သိမ်းချိန်မှာ MNDAA လက်အောက်ကနေ ၁၀၂၇ စစ်ဆင်ရေးမှာ ကူတိုက်ပေးခဲ့ကြဖူးတဲ့ BPLA အပါအဝင် တပ်အများအပြား ပါဝင်ခဲ့ပေမဲ့ BNRA ဘက်က AA ရဲ့ တပ်ရင်းတစ်ရင်း ပါဝင်တိုက်ခိုက်နေတယ်လို့ Burma VJ၊ Myanmar Now အပါအဝင် NUG ထောက်ခံတဲ့မီဒီယာတွေက ဖော်ပြလာချိန်မှာ နဂိုကတည်းက စစ်ကိုင်းတိုင်းဟာ KIA ၊ NUG နဲ့ BNRA စစ်ရေးအရ အဆင်မပြေချိန် AA သာ BNRA ဘက်ကပါလာရင် ရှုပ်ထွေးကုန်မှာစိုးတာကြောင့် စစ်ရေးအရ ဖြတ်တောက်မှုတွေ၊ အကူအညီတွေ မရတော့ဘဲ ချေမှုန်းခံရတာလို့လည်း BNRA ထောက်ခံသူတွေက ပြောပါတယ်။

MT News ကနဦးစုံစမ်းမှုအရ BNRA ဘက်က ဝင်တိုက်ပေးတဲ့ AA တပ်ရင်းဆိုတဲ့အဖွဲ့ဟာ အရင်က ဝက်လက်နယ်မှာ ကျက်စားတဲ့ GZ Special Task Force LPDF အဖွဲ့လို့လည်း သိရပြီး ဒီအဖွဲ့ကို NUG လက်အောက်ခံ ဝက်လက်ပကဖ (၂) က ဒူချွန်စိုင်းသူတို့က ဖမ်းဆီးလက်နက်ဖြုတ်သိမ်းချိန် AA ထံ ခိုလှုံပူးပေါိင်းတဲ့အဖွဲ့လို့ သိရသလို AA ဆီက လက်နက်လူသူ ရာချီနဲ့ အင်အားတောင့်တင်းလာတဲ့ ဒီအဖွဲ့က BNRA ဘက်က ဝင်တိုက်ပေးနေတာလို့လည်း သိရပါတယ်။ ဒီအဖွဲ့က အခုအချိန်မှာ GZ Army လို့လည်း အမည်ပြောင်းထားပြီး BNRA နဲ့ မဟာမိတ်အဖြစ်လည်း စက်တင်ဘာ ၁ ရက်မှာ ကြေညာထားသလို ဒီအဖွဲ့ခေါင်းဆောင် ၂၃ နှစ်သားအရွယ် အောင်ကျော်မျိုးထက် ကိုလည်း AA က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ရာထူးပေးထားတယ်လို့ သိရပါတယ်။

ပုလဲမြို့နယ်ကို PDF တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာကြောင့် နေအိမ်အများအပြားပျက်စီးခဲ့သလို မြို့ခံပြည်သူ ၁၀၀၀၀ ကျော် စစ်ရှောင်နေရတဲ့အပြင် နှစ်ဖက်လက်နက် ကိုင်တွေသေဆုံးမှု၊ အပြန်အလှန်ဖမ်းဆီးခံရမှု၊ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပေမဲ့ အရေအတွက်ကိုတော့ အနည်းဆုံးမှာ PDF ဘက်က သုံးဦးနဲ့နိုင်ငံ့ဝန်ထမ်းနှစ်ဦး သေဆုံးတယ်ဆိုတာကိုပဲ ကနဦးအတည်ပြုထားနိုင်ပြီး အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်မှုမရှိသေးသလို MT News ကလည်း မြေပြင်အတည်ပြုနိုင်ခြင်းမရှိပါဘူး။

ပုံစာ။ BNRA ၊ GZ Army ၊ ပုလဲ တိုက်ပွဲတစ်နေရာနှင့် ပုလဲမြို့မသိမ်းနိုင်ကြောင်း ဝန်ခံချက်များ။

Leave a Reply

Your email address will not be published. Required fields are marked *