၁၄. ၁၁. ၂၀၂၄
Written by Nay Moe
TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ နောင်ချိုမြို့ရဲစခန်းနဲ့ တရားရုံးကို မနေ့က ညအချိန်မှာ ဗုံးကြဲလိုက်တာကြောင့် လူ ၄ ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဗုံးကြဲမှုက နိုဝင်ဘာ ၁၃ ရက် ည ၆ နာရီခွဲအချိန်မှာဖြစ်ပြီး ဂျက်ဖိုက်တာနဲ့ တရားရုံး၊ ရဲစခန်းအနောက်ကို ပေါင် ၃၀၀ ဗုံး ၂ လုံးနဲ့ လာရောက်ကြဲချတိုက်ခိုက်လိုက်တာပါ။
ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တရားရုံးအပြင် နေအိမ် ၃ လုံးနဲ့ အိမ်စီးကားတွေလည် ထိမှန်ပျက်စီးခဲ့တယ် ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း TNLA အတွက် ရိက္ခာထောက်ပို့ရာဌာနဖြစ်တဲ့ နောင်ချိုမြို့မစျေးရပ်ကွက်ကို ဗုံးကြဲရာမှာ လန်းဆန်းလက်ရည်ဆိုင် ထိမှန်လို့ ၁၁ ဥိီး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် ၁၄ လုံး၊ စျေးဆိုင်ခန်း ၁၃ ခန်း ထိခိုက်ပျက်စီးပြီး အိမ်စီးကားနှင့် ခရီးသည်ယာဥ်အပါအဝင် စုစုပေါင်းကား ၇ စီး မီးလောင် ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်ကစ TNLA ၊ MNDAA နဲ့ AA တို့ သုံးဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေညာခဲ့ပြီး ဒီအကြမ်းဖက်တွေကို ချေမှုန်းတော့မှာဖြစ်လို့ ဒီအဖွဲ့တွေနားမှာ လူသားဒိုင်းအဖြစ်မခံဖို့ အစိုးရက ကြိုတင်သတိပေးထားပြီး နိုင်ငံပိုင်သတင်းစာတွေကနေလည်း နေ့စဥ်သတိပေးပြီးမှ လေကြောင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။