November 14, 2024

၁၄. ၁၁. ၂၀၂၄
Photo by Ye Kyaw

ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲကို ဒီနေ့ညမှာ ရွှေတိဂုံစေတီတော်ရင်ပြင်ရာဟုထောင့်ရှိ အောင်မြေမှာ ကျင်းပနေတာဖြစ်ပြီး မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့ အရုဏ်မတက်ခင် မသိုးသင်္ကန်း ဆက်ကပ်ပူဇော်သွားမှာဖြစ်ပါတယ်။

အဆိုပါ မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲမှာတော့ ဘာသာရေးအသင်းအဖွဲ့ ၉ ဖွဲ့က ယှဉ်ပြိုင်ရက်လုပ်နေတာဖြစ်ပြီး ယက္ကန်းရက်လုပ်တာကို နားချိန် ၅ မိနစ်ပေးချိန်တိုင်းမှာလည်း ယက္ကန်းမယ်လေးတွေကို အဖွဲ့သားတွေက သေချာပြုစုပေးနေတဲ့ မြင်ကွင်းတွေနဲ့ အဖွဲ့သားတွေရဲ့ ကကြခုန်ကြနဲ့ အားပေးနေမှုတွေက ကြည်နူးဖွယ်ကောင်းလှပါတယ်။

ပြိုင်ပွဲဝင် ၉ ဖွဲ့ရဲ့ ရက်လုပ်မှုကနေ ရရှိလာတဲ့ပိတ်စတွေကို ပညာရှင်တွေက စစ်ဆေးအမှတ်ပေးကာ အဆင့်ခွဲခြားပြီးတော့ ဆုတွေချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။

ဒီလို ရက်လုပ်ပြီးတဲ့ပိတ်စတွေကို ဝိနည်းတော်နဲ့အညီ ညတွင်းချင်း မသိုးသင်္ကန်းအဖြစ် ချက်ချင်းချုပ်ပြီးတော့ မနက်ဖြန် တန်ဆောင်မုန်းလပြည့်နေ့ မနက် အရုဏ်မတက်ခင် ရွှေတိဂုံရင်ပြင်တော်ရှိ သတ်မှတ်ဗုဒ္ဓရုပ်ပွားတော်တွေမှာ ကပ်လှူပူဇော်မှာဖြစ်ပါတယ်။

ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ မသိုးသင်္ကန်းရက်လုပ် ကပ်လှူပူဇော်ပွဲကို ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းက မကျင်းပနိုင်ခဲ့ဘဲ ယခုနှစ် ၂၀၂၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေမှသာ ပြန်လည်ကျင်းပနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနေ့ညမှာဆိုရင် ရွှေတိဂုံစေတီတော်မှာရှိတဲ့ သတင်းဌာနအဖွဲ့ဆီ ညအိပ်ခွင့်တိုင်ကြားပြီး ဘုရားဖူးဧည့်သည်တွေ ညအိပ်စောင့်ဆိုင်းပြီး မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်မှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *