၁၄.၁၁.၂၀၂၄
Written By Thandar
မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် သက်စံအန်ဒါဆန်ကတော့ မက္ကဆီကိုနိုင်ငံမှာ အိမ်ရှင်အဖြစ်နဲ့ ကျင်းပနေတဲ့ Miss Universe 2024 ပြိုင်ပွဲကြီးမှာတော့ National Costume ကို လာဘ်တွေကောင်းစေမယ့် အ တိတ်နိမိတ်နဲ့ လာဘ်ကောင် ရွှေဇီးကွက်ဝတ်စုံလေးနဲ့ ဝတ်ဆင်ချပြဖို့ရှိတယ်လို့ သိရပါတယ်။
လာဘ်ကောင် ရွှေဇီးကွက်လေးကတော့ မြန်မာတို့ရဲ့ ချစ်စရာအယူအဆ ဓလေ့လေးတစ်ခုအဖြစ် မြန်မာ့လက်မှုပညာနဲ့လုပ်ထားတဲ့ ရိုးရာ ရွှေရောင်ဇီးကွက်ရုပ်လေးတွေကို ငွေဝင်စေတဲ့ လာဘ်ကောင်လေးအဖြစ် အိမ်ရဲ့ဧည့်ခန်းတွေ၊ စျေးဆိုင်တွေနဲ့ စျေးရောင်းတဲ့ချိန်ခွင်တွေမှာ အလှထားချိတ်ဆွဲလေ့ရှိကြပါတယ်။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ဇီးကွက်လေးတွေကို လာဘ်ခေါ်အရုပ်လေးအနေနဲ့ ချိတ်ဆွဲကြတဲ့အပြင် ကိုယ့်ရဲ့အိမ်ထဲကို ဇီးကွက်လေးတွေ ဝင်ရောက်လာရင်လည်း ငွေကြေးတွေဝင်ရောက်တော့မယ့် အတိတ်နိမိတ်အဖြစ်မှတ်ယူကြပြီး ဇီးကွက်လေးကို ရွှေရေငွေရေလောင်းပြီး ပြန်လွှတ်လေ့ရှိကြပါတယ်။ ဒါကြောင့်မို့ အများပြည်သူအတွက် လာဘ် လာဘ အတိတ်နိမိတ်ကောင်းများရစေရန်ရည်ရွယ်ပြီး ချစ်စရာ မြန်မာ့ရွှေဇီးကွက်လေးကို အမျိုးသားဝတ်စုံအဖြစ်နဲ့ ဒီဇိုင်နာ မြတ်ကလျာမျိုးက ဖန်တီးတင်ဆက်ထားတာ ဖြစ်ပါတယ်လို့ သိရပါတယ်။
၇၃ ကြိမ်မြောက် Miss Universe 2024 ရဲ့ Preliminary ပြိုင်ပွဲကြီးကို လာမယ့် နိုဝင်ဘာ ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ၈နာရီခွဲမှာ ကျင်းပမှာလည်းဖြစ်ပါတယ်။ ဒီ Preliminary Show မှာ Evening Gown Competition၊ National Costume Competition၊ Swimsuit Competition တွေအပြင် Voice for Change Top-10 Finalists ပါကြော်ငြာပေးသွားမှာလည်းဖြစ်ပါတယ်။
နိုင်ငံပေါင်း ၇၀ကျော်က အလှမယ်တွေနဲ့ လာမယ့် နိုဝင်ဘာ ၁၆ ရက်မှာတော့ Miss Universe 2024 Grand Finale Competition ကို ကျင်းပသွားမှာ လည်း ဖြစ်ပါတယ်။