November 14, 2024

◾ အမေရိကန်မှာ အသစ်တက်လာမယ့် သမ္မတဒေါ်နယ်ထရန့်အစိုးရက မြန်မာနိုင်ငံမှ ပြည်ပြေး NUG အစိုးရနဲ့ လက်နက်ကိုင်အုပ်စုများကို ဆက်လက်ကူညီဖို့ မဖြစ်နိုင်တော့သလောက်ရှိ

၁၄.၁၁. ၂၀၂၄
Translated by Htwe Ko Tun

ယခုရက်ပိုင်းမှာ နိုင်ငံတကာက စိတ်ဝင်စားစောင့်ကြည့်နေကြရတဲ့ အဖြစ်အပျက်တွေထဲ ထိပ်ဆုံးကရှိနေခဲ့ရတာက နိုဝင်ဘာလ ၅ ရက်က ကျင်းပခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲ ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။

ပိုလို့စိတ်ဝင်စားခဲ့ကြစေတာကတော့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဒီမိုကရက်ပါတီ အမတ်လောင်း ဟားရစ် အရေးနိမ့်ပြီး သမ္မတဟောင်းဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲမှာအနိုင်ရခဲ့ခြင်းပါ။

ဒီအခါမှာတော့ အစိုးရအဖွဲ့ရဲ့ မူဝါဒတွေလည်းပြောင်းလဲလာတော့မှာဖြစ်တဲ့အပြင် နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ အရေးအခင်းတွေအပေါ် သမ္မတသစ်လက်ထက်မှာ ဘယ်လို ပြောင်းလဲသက်ရောက်မှုတွေရှိလာနိုင်လဲ ဆိုတာ ရင်တမမ နဲ့စောင့်ကြည့်ရမယ့် အခြေအနေကို ရောက်လာပြန်ခဲ့ပါတယ်။

ဒီမှာ နိုင်ငံရေးအကဲခတ်တွေကတော့ ထရန့်အစိုးရအနေနဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တုံ့ပြန်ဖို့နဲ့ ကန့်သတ်ထိန်းချုပ်ဖို့ အဆင့်မြှင့်ကြိုးစားလာမှာဖြစ်လို့ အရှေ့တောင်အာရှဒေသအတွင်း အဓိကအရေးကြီးတဲ့နေရာတွေမှာ တင်းမာမှုတွေမြင့်လာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ထရန့်ရဲ့ သမ္မတတာဝန် ပထမအကြိမ်သက်တမ်းဖြစ်တဲ့ ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းတုံးကတော့ ထရန့်က အရှေ့တောင်အာရှ အရေးကို သိပ် အလေးမထားခဲ့ပါဘူး။ ဒါပေမယ့် လာမယ့်လေးနှစ်မှာ တရုတ်နိုင်ငံရဲ့ မြင့်တက်လာနေတဲ့ ပထဝီနိုင်ငံရေး ဩဇာလွှမ်းမိုးမှုကို တုံ့ပြန်မယ့် ထရန့်ရဲ့မဟာဗျူဟာနဲ့ မူဝါဒတွေက အရှေ့တောင်အာရှဒေသအတွက် စိုးရိမ်ဖွယ် ပတ်သက်မှုတွေရှိလာနိုင်တယ်လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့၊ ချူလာလောင်ကွန် တက္ကသိုလ်က ပါမောက္ခ ယူကရစ် ပတ်မာနန်က ပြောခဲ့ပါတယ်။

ဒီနေရာမှာ ဒေသအတွင်း အဓိကအရေးကြီးတဲ့နေရာတွေအဖြစ် တရုတ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးမှုရှိတဲ့ မဟာဗျူဟာမြောက်နေရာတွေကို ဆိုရမှာပါ။ ဒီမှာတော့ တိုင်ဝမ်ရေလက်ကြား၊ အငြင်းပွားနေကြတဲ့ တောင်တရုတ်ပင်လယ်နဲ့ မြန်မာနိုင်ငံတို့ ပါဝင်မှာပါလို့ ယူကရစ်က ပြောခဲ့ပါတယ်။

ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်းကို ဦးဆောင်မယ့် ထရန့်အစိုးရ အနေနဲ့ဆိုရင်လည်းသမ္မတ ရွေးကောက်ပွဲအပြင် ကွန်ဂရက်မှာပါ အသာစီးရခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုလို့ ရှိလာနိုင်တယ်လို့လည်း သူက သုံးသပ်ခဲ့ပါတယ်။

ထရန့်က ရွေးကောက်ပွဲမှာ Electoral Vote ၃၁၂ မဲရရှိကာ ပြည်သူလူထုရဲ့ တိုက်ရိုက်ထောက်ခံမှုမဲမှာ ၇၄ ဒသမ ၆ သန်းခန့် ရရှိခဲ့ပါတယ်။ ရီပတ်ဘလစ်ကန်အမတ်တွေက အထက်လွှတ်တော်ရော အောက်လွှတ်တော်မှာပါ အသာစီးရ ထိန်းချုပ်နိုင်ခဲ့လို့ ထရန့်ရဲ့ အာဏာစွမ်းအားကို ထိန်းချုပ်ဖို့ဆိုတာခက်လိမ့်လို့ ယူကရစ်က ဆက်လက်ပြောခဲ့ပါသေးတယ်။

ဒီမှာ ယူကရစ်က ထရန့်အနေနဲ့ တရုတ်တိုင်ဝမ်အစိုးရကို ဆက်လက်ထောက်ခံလိမ့်မယ်။ ပြီးတော့ စစ်ရေးအသုံးစရိတ်မြှင့်တင်ဖို့ ဖိအားပေးပြီး ခေတ်မီလက်နက်တွေကို ကာကွယ်ရေးရော၊ ဟန့်တားမှုအတွက်ပါ ထုတ်ရောင်းလိမ့်မယ်လို့ ယူကရစ် က Thai PBS ကို သုံးသပ်ပြောကြားသွားပါတယ်။

ဒါ့ပြင် ဘန်ကောက်မြို့၊ သမ်မာဆတ် တက္ကသိုလ် ရဲ့ အရှေ့အာရှလေ့လာရေးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဒူလျာပတ်ခ် ပရီချာရတ်ရှ် ကလည်း အလားတူပဲ ထရန့်အနေနဲ့ တရုတ်တိုင်ဝမ်အရေးကို ဆက်လက် အလေးထား အာရုံစိုက်မှာဖြစ်ပြီး တိုင်ဝမ်ကျွန်းက တရုတ်နိုင်ငံရဲ့ ပြည်နယ်တချို့ကို လက်လှမ်းမီမယ့် ဒုံးပျံအခြေစိုက်စခန်းတစ်ခုတောင်ဖြစ်လာနိုင်တယ်လို့ Thai PBS နဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ပြောခဲ့ပါတယ်။

ဒူလျာပတ်ခ် က “ဖိလစ်ပိုင်နဲ့ တောင်တရုတ်ပင်လယ်ဒေသဟာ ထရန့်ရဲ့ ဒုတိယ လေးနှစ်သက်တမ်းကာလမှာတော့ ပိုပြီးတော့ မဟာဗျူဟာ‌ မြောက်အရေးကြီးလာမယ်။ ဒါကြောင့် ဖိလစ်ပိုင်ကို အမေရိကန်အစိုးရက အလေးထားလာတာနဲ့အတူ တရုတ်ပြည်မကြီးနားမှာ အမေရိကန်ရဲ့ မဟာဗျူဟာမြောက် ခြေကုပ်စခန်း အခိုင်အမာရယူဖို့တင်မကဘူး၊ တောင်တရုတ်ပင်လယ်မှာ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှု တောင့်တင်းခိုင်မာစေဖို့ပါဆောင်ရွက်လာလိမ့်မယ်လို့ ဆိုချင်တယ်” လို့ ဆက်လက်ပြောခဲ့ ပါတယ်။

တောင်တရုတ်ပင်လယ်နဲ့ ဆက်စပ်နေတဲ့နိုင်ငံတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ပိုင်နက်အငြင်းပွားမှုတွေ ဖြစ်နေတာ ကာလရှည်ကြာလှပါပြီ။တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတွေက သူတို့နိုင်ငံတွေနဲ့ဆက်စပ်နေတဲ့ တောင်တရုတ်ပင်လယ်အတွင်းဧရိယာတွေကို သူတို့ပိုင်နက်တွေအဖြစ် ပြောကြား မှုတွေကိုတရုတ်အစိုးရက ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကဆိုရင် တောင်တရုတ်ပင်လယ်အတွင်း ကျွန်းငယ် အများအပြားမှာ စစ်ရေးရည်ရွယ်ချက်တွေနဲ့ အသုံးပြုနိုင်ဖို့ အဆောက် အအုံတွေကို တရုတ်က ဆောက်လုပ်လာတာတွေ့ရမှာပါ။

အမေရိကန်က ဒီအငြင်းပွားမှုတွေမှာ ပါဝင်တောင်းဆိုတဲ့ နိုင်ငံတစ်နိုင်ငံတော့မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်အစိုးရက အပြင်ပန်းအနေနဲ့တော့ ရေကြောင်းသွားလာမှု လွတ်လပ်မှုရှိရေးလို့ပြောခဲ့ပေမယ့် တကယ်တမ်းမှာက တရုတ်နိုင်ငံရဲ့ ဒေသတွင်းစစ်ရေးတည်ရှိမှုကို တုံ့ပြန်နိုင်ဖို့ ရည်ရွယ်တာပါပဲ။

ဒီမှာ ပါမောက္ခ ယူကရစ်ကတော့ ထရန့်အစိုးရဟာ တရုတ်ရဲ့ ပိုင်နက်ရေပြင်အဖြစ် ပြောကြားထားတာတွေကို ပစ်မှတ်ထားနိုင်ဖို့နဲ့ ဖိလစ်ပိုင်လို သူ့ရဲ့ မဟာမိတ်တွေ ပြန်လည်ရရှိစေဖို့ တောင်တရုတ်ပင်လယ်အတွင်း အလေးထားအာရုံစိုက်မယ့်စစ်ဆင်ရေးတွေကို ဆက်လက်တည်ရှိတာမျိုး ဒါမှမဟုတ် မြှင့်တင်တာမျိုးတွေလုပ်မယ်လို့ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။ ဒီအတွက် ဖိလစ်ပိုင်မှာ ထရန့်အစိုးရက စစ်အခြေစိုက်စခန်းတွေ ပိုမိုတိုးမြှင့်အခြေစိုက်လာနိုင်ပါတယ်။

အခုလို အကဲခတ်တွေက ထရန့်အစိုးရဟာ တိုင်ဝမ်ကျွန်းအရေးနဲ့ တောင်တရုတ်ပင်လယ်အရေးတွေမှာ ဆက်လက်အလေးထားမှုပြုနိုင်တယ်လို့ ယူဆကြပေမယ့် မြန်မာနိုင်ငံအရေးမှာတော့ စိတ်ဝင်စားမှုနည်း သွားနိုင်တယ်လို့ ယူဆကြပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံအကျပ်အတည်းအခြေအနေက အရှေ့တောင်အာရှဒေသအတွက် အရေးကြီးကောင်းကြီးနိုင်ပေမယ့် ထရန့်အစိုးရအနေနဲ့တော့ ပဋိပက္ခဖြစ်ပွားမှုဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံအတွင်း မဟာဗျူဟာမြောက်စိတ်ဝင်စားမှု အနည်းအကျဉ်းသာ ရှိလို့ မြန်မာနိုင်ငံအရေး သိပ်အလေးထားလိမ့်မှာ မဟုတ်ဘူးလို့ အဆင့်မြင့် သံတမန်တစ်ဦးက ပြောခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း တခြားသော မဟာဗျူဟာမြောက်ဦးစားပေးရမယ့်နေရာတွေဖြစ်တဲ့ အစ္စရေးလ်၊ ယူကရိန်းနဲ့ ကိုရီးယားကျွန်းဆွယ်လိုနေရာတွေ အမေရိကန်မှာ ရှိနေချိန်မှာ မြန်မာနိုင်ငံကိစ္စအပေါ်စိတ်ဝင်စားနိုင်မှာမဟုတ်ဘူးလို့ ဒူလျာပတ်ခ် က ပြောခဲ့ပါသေးတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံ အကျပ်အတည်းအခြေအနေက လွတ်မြောက်ဖို့ဖြေရှင်းရာမှာ အမေရိကန်ကတော့ အဓိကကျ တက်ကြွတဲ့နေရာက ပါတော့မှာမဟုတ်ဘူးလို့ သူက ဆက်ပြောခဲ့ပါတယ်။

ဒါပေမယ့် ထရန့်က မြန်မာနိုင်ငံအတွင်းမှာ တရုတ်အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံသွားမယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံအတွင်း အမေရိကန်က ဝင်ရောက်စွက်ဖက်ပတ်သက်နေမှုဟာ အခုထက်ပိုလို့ သိသိသာသာ တိုးပွားလာပါလိမ်မယ်။ တရုတ်အစိုးရရဲ့ဒေသတွင်း ဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့ အမေရိကန်အစိုးရဟာ မြန်မာ ပြည်တွင်းရေးမှာ ပိုမိုစွက်ဖက်တာမျိုးတွေရှိနိုင်တယ်လို့တော့ အဆိုပါ သံအမတ်က ဆက်လက်ပြောခဲ့ပါတယ်။

တရုတ်အစိုးရကလည်း NUG ပြည်ပြေးအစိုးရနဲ့ မြန်မာနိုင်ငံအတွင်းက တချို့သော လူမျိုးစုလက်နက်ကိုင်အုပ်စုတွေဟာ သူတို့အကျိုးစီးပွားအတွက် အမေရိကန်နဲ့ တိုးလို့ မဟာမိတ်ဖွဲ့ချင်နေတာကိုတွေ့ရမှာပါ။ ဒါကြောင့်လည်း ထရန့် သမ္မတ ပြန်ဖြစ်လာမှုကို ဒီနေရာမှာ တရုတ်အစိုးရဘက်ကတော့ ကွဲပြားစွာ မြင်နိုင်ပါတယ်။

အမေရိကန်အတွက် မြန်မာအရေးမှာဆက်ပါနေဦးမယ်ဆိုရင် တစ်ခုထဲသော ရနိုင်တဲ့အကျိုးကလည်း NUG နဲ့ လူမျိုးစုလက်နက်ကိုင်တွေက ပြင်းပြစွာလိုချင်နေပါတယ်ဆိုတဲ့ ဖက်ဒရယ်ဝါဒနဲ့ဒီမိုကရေစီတို့ မြန်မာနိုင်ငံအတွင်းဖြစ်လာအောင် သူက ရှေ့ဆောင်စံပြဆောင်ရွက်နိုင်တယ်လို့အမည်ခံနိုင်မှာပါ။ တရုတ်နိုင်ငံက မဆောင်ရွက်နိုင်သေးတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အဓိကရည်ရွယ်ချက်တွေကို တန်းညှိမှု ပြုနိုင်မှာပါ။

အခုအချိန်မှာတော့ တရုတ်အစိုးရကလည်း မြန်မာနိုင်ငံရဲ့ နစက အစိုးရကို နယ်ပယ်အသီးသီးမှာ ထောက်ခံမှုတွေပြုထားပါပြီ။ ဒီတော့ မြန်မာ့အရေးက ဒေသဆိုင်ရာ ပထဝီနိုင်ငံရေး အကျပ်အတည်းတစ်ခုဖြစ်လာမှသာ ထရန့် အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကိုထိန်းချုပ်ဖို့ ပါဝင်လာနိုင်တော့တယ်လို ယူဆရတယ်ဆိုတာ ဒူလျာပတ်ခ်က ပြောခဲ့ပါတယ်။

ထရန့် က တရုတ်နဲ့ပြိုင်ဆိုင်ဖို့ အားထုတ်မှုတွေမြှင့်လာမယ်ဆိုရင် တိုင်ဝမ်ရေလက်ကြားကနေ ဖိလစ်ပိုင်အထိ၊ ဒီကမှ တောင်တရုတ်ပင်လယ်တစ်ဝန်းနဲ့ နောက်ဆုံး ထိုင်းပင်လယ်ကွေ့အထိတောင် မဟာဗျူဟာမြောက်ရေကြောင်းသွားလာရေးနယ်မြေတွေအတွင်းမှာ လက်နက်ပြိုင်ဆိုင်မှုတွေ ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ကြပါ တယ်။ အခုဆိုရင် တရုတ်က ကမ္ဘောဒီးယားအတွက် ထိုင်းပင်လယ်ကွေ့အတွင်း Ream ရေတပ်စခန်းမှာ စစ်ဖက် အဆောက်အအုံတွေ ဖွံ့ဖြိုးဖို့ကူညီနေပါတယ်။ ဒါက အမေရိကန်အတွက်လည်း အလေးထားရတဲ့ အကြောင်းတစ် ခုဖြစ်နေပါတယ်။

ဒါပေမယ့် ထရန့်အနေနဲ့ ကတော့ တရားမဝင် ဝင်ရောက်မှုတွေ တားဆီးသွားမယ်ပြောနေတဲ့အချိန်မှာ မြန်မာနိုင်ငံက ဒီမိုကရေစီအမည်ခံပြည်ပြေးတွေရဲ့ အမေရိကန်မှာ ခိုလှုံဖို့ကြိုးစားတာတွေကို လက်ခံတော့မှာမဟုတ်သလို ဂျိုးဘိုင်ဒန်လို မြန်မာပြည်ပြေးတွေနဲ့ သူပုန်တွေကို ထောက်ပံ့နေဖို့ဆိုတာကလည်း မဖြစ်နိုင်တော့သလောက်ဖြစ် သွားရပြီလို့သာ ဆိုချင်ပါတယ်။

Ref- Thai PBS

Leave a Reply

Your email address will not be published. Required fields are marked *