၁၄.၁၁.၂၀၂၄
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မိသားစုဝင် အနုပညာရှင်တွေနဲ့အတူ ၂၀ ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲတော်ကို ယနေ့ နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစွယ်တော်လမ်းရှိ နာဂလိုဏ်ဂူကလေးဝတောရ စာသင်တိုက်ကျောင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းခဲ့ပါတယ်။
“ဒီနှစ် ဘုံကထိန်အလှူလေးကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ၂၀ ကြိမ်မြောက် အလှူပါ။ ရုပ်ရှင်လောကသားတွေ စုပေါင်းလှူဒါန်းထားတဲ့ အလှူလေးပါ။ ကျွန်တော်တို့က မဆင့်@မေသန်းနုနဲ့ အတူ စုပေါင်းပြီးတော့ ပဒေသာပင်လေး တစ်ခုလှူဖြစ်ပါတယ်။ ဒီနှစ်အလှူလေးမှာ အကုန်လုံးက ကိုယ့်လောကသားတွေ ပြန်တွေ့ရတယ်ပေါ့။ ဒီနှစ်က လူသိပ်မစုံကြဘူးပေါ့။ တချို့ကလည်း ကိုယ့်နယ်ပြန်ကြတာတွေ ရှိတော့လေ။ ဒါပေမယ့် လာတဲ့အမေတွေအဖွဲ့ကို တွေ့ရတော့ ပီတိဖြစ်ရပါတယ်။ ကိုယ်တိုင်လည်း အခမ်းအနားမှူးအနေနဲ့ ပါဝင်ရတာမို့ ပီတိဖြစ်ရပါတယ်”လို့ အကယ်ဒမီ ရန်အောင်က ပြောပါတယ်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာ အကယ်ဒမီ စည်သူဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေး၊ အစည်းအရုံးက နာယကြီးတွေ၊ ဒါရိုက်တာ အလင်္ကာကျော်စွာ အကယ်ဒမီ ပန်းချီစိုးမိုး၊ ထပ်ဆင့်အကယ်ဒမီများရှင် ရန်အောင်၊ အကယ်ဒမီ ခန့်စည်သူ၊ ဒါရိုက်တာ အကယ်ဒမီ ဦးဝင်းမြိုင်၊ အကယ်မီ နွဲ့နွဲ့စန်း၊ အကယ်မီ မေသန်းနု၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ဆုပန်ထွာ၊ ခိုင်နှင်းဝေ၊ မမဆောင်း၊ အေမီဈာန်၊ အမေများအဖွဲ့ စတဲ့သူတွေတက်ရောက်ခဲ့ကြပြီး ပင့်သံဃာတော် ၉ ပါးဆီမှ တရားတော်နာယူခဲ့ကြပါတယ်။
ယနေ့ ၂၀ ကြိမ်မြောက်ကထိန်မှာ ပဒေသာပင် ၄၂ ပင် စုစုပေါင်း ငွေသားတန်ဖိုး သိန်း ၃၀၀ နီးပါးနဲ့ ကထိန်သင်္ကန်းတွေ လှူဖွယ်ပစ္စည်းအစုစုတို့တွေကို ပင့်သံဃာတော်တွေဆီကို ရေစက်သွန်းချ လှူဒါန်းခဲ့တာလည်းဖြစ်ပြီး ကျောင်းတိုက်ရှိ သံဃာတော်အပါး ၆၀၀ ကို အနုပညာရှင်တွေက နေ့ဆွမ်းဆက်ကပ်လောင်းလှူခဲ့ကြပါတယ်။