၁၄.၁၁.၂ဝ၂၄
Written by K Pyay Thein
မြန်မာ့ရိုးရာယွန်းထည်ပစ္စည်း ထုတ်လုပ်မှုစရိတ်စက မြင့်မားလာလို့ ယနေ့ကာလမှာ ဈေးကွက်အရှုံးမပေါ်အောင်သာ ယွန်းထည်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေရပြီး လက်ရှိကာလမှာ ပြင်ပဈေးကွက် အပါအဝင် အွန်လိုင်းဈေးကွက်ကိုပါ အားပြုရောင်းချနေရတယ်လို့ ပုဂံ-ညောင်ဦးဒေသမှာရှိတဲ့ ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
“ယွန်းဈေးကွက်က အခုဘယ်လိုဖြစ်လာလဲဆိုတော့ ပြင်ပဈေးကွက်အပြင် Online ဈေးကွက်ကိုပါအားပြုပြီး ရောင်းချလာရတဲ့ အနေအထားရှိတယ်။ အရင်ကတော့ ဒီကိုလာကြတဲ့ ဘုရားဖူးတွေကိုပဲ အားပြုပြီး ရောင်းရတာပေါ့။ အခုက ဘုရားဖူးတွေလာကြတယ်။ ရှိတယ်ဆိုပေမယ့်လည်း ယွန်းထည်ဘက်ကို စိတ်ဝင်စားတဲ့သူက နည်းသွားတယ်။ အရင်တည်းက ယွန်းထည်တွေကို ပြည်တွင်းဘုရားဖူးထက်စာရင်၊ ပြည်ပဧည့်သည်တွေ နိုင်ငံခြားသားတွေက ဝယ်တာများတယ်လေ။ အခု ပုဂံကိုလာတာက ပြည်ပဧည့်သည်တွေထက်စာရင် ပြည်တွင်းဘုရားဖူးက များနေတယ်။ အရင်က ယွန်းထည်ပစ္စည်းတွေက ဈေးကောင်းသလို အရည်အသွေးကွာလတီအပိုင်းမှာလည်း ကောင်းတယ်။ အခုထုတ်လုပ်မှုစရိတ်ကလည်း များလာတယ်။ကုန်ကြမ်းဝယ်ယူရတာတွေက ဈေးတွေတက်လာတယ်။ အဲ့တော့ သူက ဘယ်လိုဖြစ်လာလဲဆိုရင်ဈေးကွက်မှာလည်း သိပ်ပြီး အရှုံးမပေါ်အောင်ချိန်ဆထုတ်လုပ်ပြီး ရောင်းချနေရတဲ့သဘောပါ”လို့ ပုဂံဒေသမှာရှိတဲ့ ယွန်းလုပ်ငန်းပိုင်ရှင်တစ်ဦးက MT News ကို ပြောပြပါတယ်။
လက်ရှိကာလမှာ ရှေးဟောင်းယွန်းထည်ပစ္စည်းတွေကို ယခင်ထုတ်လုပ်နေကြ Product တွေအပြင် ခေတ်ကာလနဲ့လျော်ညီတဲ့ ဝယ်ယူသူ အကြိုက်တွေ့စေမယ့် ယွန်းပစ္စည်းတွေကို ထုတ်လုပ်ပြီး ရောင်းချနေရတယ်လို့လည်း ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့ရိုးရာယွန်းထည်ပစ္စည်းတွေအများဆုံးရောင်းချရတဲ့ကာလက ဝါထွက်ကာလနဲ့ ပွင့်လင်းရာသီကာလတွေဖြစ်ပြီး ပွဲလမ်းသဘင်နဲ့ အလှူအတန်းတွေ အများဆုံးရှိတဲ့ကာလတွေမှာ ယွန်းထည်ပစ္စည်းတွေကို ပိုမိုရောင်းချရတယ်လို့လည်း သိရပါတယ်။
“ယွန်းဈေးကွက်အနေအထားအရ ဝါထွက်ပြီဆိုရင်တော့ ရောင်းရတယ်။ ဒီဘက်တွေမှာက ကျေးရွာဓလေ့ယဉ်ကျေးမှုတွေရှိနေသေးတော့ အဲ့လိုအချိန်မျိုးမှာ ရောင်းရတယ်။ အလှူတို့ ပွဲလမ်းသဘင်တွေ လက်ထပ် ထိမ်းမြားမင်္ဂလာပွဲတို့ အဲ့လိုအခမ်းအနားတွေမှာ ကန်တော့ပွဲအုပ်၊ ဆွမ်းအုပ်၊ လက်ဖက်အုပ်၊ဒေါင်းလန်း ဒါတွေကို ရောင်းရတယ်” လို့ သူက ထပ်လောင်း ပြောပြခဲ့ပါတယ်။
ဒါ့အပြင် မြန်မာ့ယွန်းထည်ဈေးကွက်ဟာ လက်ရှိမှာပြင်ပဈေးကွက်မှာ ရောင်းချရတာထက် အွန်လိုင်းကနေရောင်းချမှုက ပိုမိုများပြားနေတယ်လို့ ယွန်းထည်လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
အဲ့ဒီအပြင် မြန်မာရိုးရာလက်မှုပညာရပ် တစ်ခုဖြစ်တဲ့ ယွန်းထည်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းတွေကို တန်ဖိုးထားထိန်းသိမ်းတဲ့အနေနဲ့ ပုဂံဒေသမှာရှိတဲ့ ယွန်းထည်လုပ်ငန်းရှင်အများစုကတော့ ထုတ်လုပ်မှုစရိတ်တွေ မြင့်မားလာပေမယ့် ယွန်းထည်လုပ်ငန်းတွေကိုမတိမ်ကော၊ မပပျောက်အောင် ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ပုံစာ – ပုဂံ-ညောင်ဦးဒေသထွက် မြန်မာ့ရိုးရာယွန်းထည်ပစ္စည်းတွေကို တွေ့ရစဉ် (Photo – CJ)