၁၄.၁၁.၂၀၂၄
Written by Hey Mar
ညဘက် ရှေ့မီး နောက်မီး မပါဘဲ လူသုံးယောက်စီးလာတဲ့ ဆိုင်ကယ်ကို စက်ရုံအပြန်ဖယ်ရီကားက တိုက်မိတာကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသမီးကြီးတစ်ဦး နေရာတင်သေဆုံးကာ အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ပဲခူး-ရန်ကုန်လမ်းမကြီး၊ ဇလပ်ထော်တံတားအနီးမှာ မနေ့က နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်မှာ သေဆုံးသူအမျိုးသမီးကြီးက အသက် ၅၀ ကျော်အရွယ်ဖြစ်ကာ၊ လှည်းကူးမြို့၊ ဇရပ်ကွင်းကျေးရွာအုပ်စု၊ အဒူးကျေးရွာမှာ နေထိုင်သူလို့ သိရပြီး သူက ဆိုင်ကယ်စီးသူ သုံးဦးအနက် နောက်ဆုံးက ထိုင်စီးလာတာလို့ သိရပါတယ်။
မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ မေတ္တာရွှေစင်ပရဟိတအသင်းမှ တာဝန်ရှိသူက “တိုက်တဲ့ကားက ယာဉ်မောင်း မပြေးပါဘူး။ ဖြေရှင်းပါတယ်။ စက်ရုံလွှတ်ချိန်လည်း ဖြစ်နေပြီး ဆိုင်ကယ်ကလည်း မီးမပါတော့ ဖယ်ရီကားက ကျော်တက်ရင်း တိုက်မိတာပါ။ သုံးဦးမှာ တစ်ဦးကတော့ ဘာမှမဖြစ်ပါဘူး” လို့ MT News ကို ပြောပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းနဲ့ ဒဏ်ရာရရှိသူ အမျိုးသမီးကို ပဲခူးပြည်သူ့ဆေးရုံကြီးဆီ မေတ္တာရွှေစင်ပရဟိတအသင်းမှ
ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။